
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ဆိပ်ခွန်ကျေးရွာ ဘုန်းကြီးကျောင်းနဲ့ ထန်းဇင်ကျေးရွာ စာသင်ကျောင်းတို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒုလ္လဘရဟန်း ၂ ပါး ပျံလွန်တော်မူပြီး၊ သံဃာ ၁၆ ပါးနဲ့ ပြည်သူ ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၁၃ ရက် ညနေ ၃ နာရီ မိနစ် ၂၀ လောက်က မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ်တစင်းက ရွာချင်းဆက်နေတဲ့ အဆိုပါ ကျေးရွာ ၂ ရွာကို အချိန်အတော်ကြာ ပတ်ဝဲပြီးနောက် ဗုံး ၅ လုံး ကြဲချခဲ့တာလို့ ဒေသခံက ပြောပါတယ်။
ဆိပ်ခွန်ကျေးရွာက တိုက်သစ်ဘုန်းကြီးကျောင်းထဲကို ဗုံးကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၂၉ နှစ်နဲ့ ၅၀ ကျော်အရွယ် ဒုလ္လဘရဟန်း ၂ ပါးဟာ ဗုံးစထိမှန်တဲ့ ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူခဲ့ကာ တပါးက နေရာမှာတင် ပျံလွန်တော်မူသွားခဲ့ပြီး ကျန်တပါးကတော့ ရွှေဘိုဆေးရုံကို အရောက်မှာ ပျံလွန်တော်မူခဲ့ပါတယ်။
ဒါ့အပြင် တခြား ဒုလ္လဘရဟန်း ၁၆ ပါးလည်း ဒဏ်ရာရရှိခဲ့ပြီး၊ နှစ်ထပ်ကျောင်းဆောင်၊ ဆွမ်းစားကျောင်းနဲ့ ရေတွင်းတွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံက အတည်ပြုပါတယ်။
အလားတူ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ထန်းဇင်ကျေးရွာ စာသင်ကျောင်းကိုလည်း ဗုံးကျရောက်ခဲ့ပြီး အဲဒီမှာတော့ အသက် ၂၅ နှစ်ခန့်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်၊ အသက် ၃၀ ခန့်အရွယ် အမျိုးသားတယောက်နဲ့ ခြားပြည်သူ ၃ ယောက်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ ခြေထောက် ဖောက်ထွက်ဒဏ်ရာ ရရှိခဲ့ပြီး စာသင်ကျောင်းနဲ့ အနီးနားက နေအိမ် တချို့လည်း ပျက်စီးခဲ့ရပါတယ်။
လေကြောင်းကနေ ဗုံးကြဲခံရတဲ့ တိုက်သစ်ဘုန်းကြီးကျောင်း တည်ရှိရာ ဆိပ်ခွန်ရွာဟာ စစ်အာဏာရှင်လက်အောက်ခံ စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဝန်ကြီး ဗိုလ်မှူးကြီး ဒေါက်တာ ဦးသောင်းနိုင်ရဲ့ ဇာတိရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ မြို့တွေမှာ သင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပဖို့ ညွှန်ကြားခဲ့ပြီးနောက် ရွှေဘိုမြို့မှာလည်း လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ကျင်းပခဲ့ပါတယ်။ အဆိုပါဖွင့်ပွဲကို ဗိုလ်မှူးကြီး ဒေါက်တာ သောင်းနိုင် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့တာပါ။
ဒါပေမဲ့ သင်္ကြန်ဖွင့်ပွဲ မတိုင်ခင် ဧပြီ ၈ ရက်မှ ၁၃ ရက်အထိ ရွှေဘိုမြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က ဂျက်တိုက်လေယာဉ်တွေ၊ ဒရုန်းတွေ၊ လက်နက်ကြီးတွေ အသုံးပြုပြီး နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေ ပါတယ်။
အဆိုပါ ၆ ရက်တာ ကာလအတွင်းမှာ စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သံဃာ ၂ ပါး၊ အသက် ၄၅ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတယောက်တို့ သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ကလေးငယ်တယောက်အပါအဝင် ဒေသခံ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ သစ်သားအရောင်းဆိုင် တဆိုင် မီးလောင်ပျက်စီးခဲ့ကာ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ်တချို့နဲ့ စစ်ဘေးရှောင်တဲတွေလည်း ပျက်စီးဆုံးရှုံးခဲ့ ပါတယ်။










