
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်မြောက်ပိုင်း၊ ဒေါင့်ကြီးရွာအနီး မူးမကြီး မူးဘောင်ကျိုးကျလို့ ကျေးရွာ ၄၀ ခန့် ရေလွှမ်းမိုးပြီး လယ်ဧက သောင်းချီ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေါင့်ကြီးရွာအနီးရှိ ခရိုင်အတွင်း အဓိက ရေပေးဝေနေတဲ့ မူးမကြီး (ဒေသအခေါ် ဝါးရငယ်မူး) အရှေ့ဘက် မူးဘောင် (ဒေါင့်ကြီး RMC. RD99+000) ဟာ ရေလျှံပြီး ဩဂုတ် ၆ ရက် နေ့လယ်ပိုင်းက ကျိုးကျသွားတာကြောင့် မူးဘောင်အောက်ရှိ ကျေးရွာ ၄၀ လောက် ရေလွှမ်းခဲ့သလို စိုက်ပျိုးပြီး လယ်ဧက သောင်းနဲ့ချီ ရေနစ်မြုပ်သွားတာ ဖြစ်ပါတယ်။
"မနေ့ကတည်းက အသိပေးထားတာတော့ ရှိတယ်။ အခု ရေလွှမ်းတဲ့ ဒေသတွေက ဆက်သွယ်ရေးလိုင်း ခက်ခဲတဲ့ ဒေသတွေလေ။ အသေးစိတ်တော့ မသိရသေးဘူး။ အခု ရေနစ်မြုပ်ဒေသက လယ်တဝက်၊ ယာတဝက်လောက် ရှိတယ်။ စိုက်ပြီးကြတာမှ မကြာသေးဘူး။ ၉၀ ရာခိုင်နှုန်းလောက် စိုက်ပြီးကြပြီ။ လယ်ဧက သောင်းဂဏန်း ရှိတယ်။ အကုန်မြုပ်မှာပဲ။"
သဖန်းဆိပ် ရေလှောင်တမံဟာ အာဏာပြည့် ရေမှတ် ၅၄၅ ပေရှိကြောင်း သိရပြီး ဩဂုတ် ၆ ရက် တိုင်းတာချက်အရ ရေမှတ် ၅၄၃ ဒသမ ၇၅ ပေအထိ ရောက်ရှိနေလို့ ရေပိုလွှဲကတဆင့် မနေ့ကစပြီး မူးမြစ်အတွင်းသို့ လွှဲချပေးနေပါတယ်။
ဒေသခံတယောက်က "တုတ္တလုပ် (မ) ရွာ၊ အောင်သုခ၊ ငတန်းရွာ စတဲ့ရွာတွေက မနက်ပိုင်းကတည်းက ရေကြီးနေတာ။ အခုဆို ရွာကနေ ထွက်မရ ဖြစ်နေကြတယ်။ စားနပ်ရိက္ခာနဲ့ ကူညီကယ်ဆယ်ရေး ပေးဖို့ အခက်အခဲ ဖြစ်နေတယ်။ အိမ်အပေါ်ထပ် ကြမ်းပြင်ထိ ရောက်နေပြီလို့ သိရတယ်။ ရေဆက်ပြီး တိုးနေမယ်ဆိုရင် အကုန် ဒုက္ခများနိုင်တယ်" လို့ ပြောပါတယ်။
တန့်ဆည်မြို့နယ်အတွင်းရှိ ဖွတ်ချောင်း၊ ပေါင်ဂဒေါင်ချောင်းနဲ့ စီတုံးလုံးချောင်းတို့မှာလည်း ချောင်းရေတွေ လျှံတက်နေပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ ဝက်လက်၊ ရွှေဘို၊ ဒီပဲယင်း၊ ခင်ဦးနဲ့ ရေဦး စတဲ့မြို့နယ်တွေရှိ မူးမြစ်အနီးက ကျေးရွာတွေကိုလည်း ရေဘေးသတိရှိကြဖို့ သက်ဆိုင်ရာ ဒေသကာကွယ်ရေး အဖွဲ့တွေက အသိပေးထားပါတယ်။










