
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်အာဏာရှင်တပ်ရဲ့ ရဟတ်ယာဉ်တစင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ပြီးတဲ့ နောက်ပိုင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုးတာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ယာက DVB ကို ပြောပါတယ်။
မြိုင်မြို့နယ် တွင်းမပျူစောထီးကျေးရွာကို ရောက်ရှိနေတဲ့ စစ်အာဏာရှင်တပ်ရဲ့ Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက FPV ဒရုန်း ၂ စင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ဇွန် ၂၃ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ တွင်းမကျေးရွာမှာ ဒဏ်ရာရနေတဲ့ စစ်အာဏာရှင်တပ်က ဒဏ်ရာရနေတဲ့ အရာရှိတယောက်ကို လာကြိုဖို့ အဲ့ဒီရဟတ်ယာဉ်က ရောက်ရှိနေတဲ့ အချိန်မှာ တိုက်ခိုက်ခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ ရဟတ်ယာဉ်ရဲ့ အင်ဂျင်မီးလောင်ပျက်စီးခဲ့တဲ့အတွက် ရဟတ်ယာဉ်က ပျံသန်းလို့ မရတော့ဘဲ တွင်းမကျေးရွာထဲမှာဘဲ ဆက်ရှိနေတယ်လို့ သိရပါတယ်။
အဲဒီလို ရဟတ်ယာဉ် တိုက်ခိုက်ခံရပြီးနောက်မှာတော့ တွင်းမနဲ့ အနီးတဝိုက်ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ယာက DVB ကို ပြောပါတယ်။
“ရဟတ်ယာဉ်မှာရှိတဲ့ အင်ဂျင်အကြီးစား ပေါက်ကွဲသွားတာပေါ့။ ကျနော်တို့က FPV ဒရုန်းနဲ့ ပစ်ခတ်တဲ့အတွက် မီးလောင်သွားတာတော့ ရှိတာပေါ့၊ အကုန်လုံး လုံးဝဆုံးရှုံးသွားတာတော့ မရှိသေးဘူး။ ပျက်စီးတာတော့ လုံးဝပျက်စီးသွားတယ်၊ ပျံသန်းလို့တော့ မရတော့ဘူးပေါ့၊ တိုက်ခိုက်မှုပြီးတဲ့အချိန်မှာတော့ သူတို့ Y12 ရော 35 ရော မပြတ်တော့ဘူး၊ ညတညလုံးလည်း အဲဒီနားပတ်ဝန်းကျင်က ရွာတွေကို သူတို့ ဆက်တိုက်ကြဲနေတာပဲ၊ ချတဲ့ဗုံးသီး ဆိုရင်တော့ ရာဂဏန်းကျော်မှာပေါ့နော်၊ အကြိမ်ရေကတော့ ၁၀ ကြိမ်ထက်မနည်းဘူး။”
ဒါ့အပြင် မြိုင်မြို့နယ်ထဲကို စစ်အာဏာရှင်တပ်သား အင်အား ၄၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းနဲ့ ဝင်ရောက်နေသလို စစ်ကား ၁၀ စီးဝန်းးကျင်နဲ့လည်း မြိုင်မြို့နယ်ထဲကို အင်အားထပ်ဖြည့်နေတယ်လို့ ဗိုလ်လက်ယာကင ဆက်ပြောပါတယ်။
အဲဒီ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုးနေတာတွေကြောင့် ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်က ကျေးရွာ ၂၀ ကျော်က ပြည်သူ ၁၀,၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
ဒေသခံပြည်သူတွေဟာ ပခုက္ကူမြို့နယ် မြစ်ခြေမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး မြစ်ခြေမှာလည်း စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ပခုက္ကူနဲ့ မြစ်ခြေမြို့အကြားက ကျေးရွာတွေမှာ နေထိုင်နေကြရတယ်လို့ သိရပါတယ်။
ဒေသခံတွေဟာ အရေးပေါ်တိမ်းရှောင်လာကြရတာဖြစ်လို့ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေလည်း လိုအပ်နေတယ်လို့ စစ်ဘေးရှောင် အကူအညီပေးနေသူတယောက်က ပြောပါတယ်။
“ကျမတို့ဘက်က မနေ့ကနဲ့ ဒီနေ့ မိုးနည်းနည်းကျနေတာဆိုတော့ လမ်းမှာလည်း မိုးရေထဲ ပြေးလွှားနေရတဲ့ အနေအထား ဖြစ်နေတာပေါ့နော်၊ သူတို့ နီးစပ်ရာရွာတွေမှာ အဆင်ပြေသလို ကပ်နေနေရတယ်၊ သာသနာ့ရပ်ဝန်းလိုနေရာတွေမှာ မှီပြီးနေနေရတယ်၊ ဆန် ဆီနဲ့ မိုးကာတွေကတော့ တော်တော်ကိုမှလိုအပ်နေပါတယ်။”
စစ်တပ်ဘက်ကတော့ ရဟတ်ယာဉ် တိုက်ခိုက်ခံရတာနဲ့ ပက်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ထားတဲ့ အချက်အလက်အတွေအရ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်ချို့ယွင်းတာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်ခိုက်တာတွေကြောင့် စစ်အာဏာရှင် လေတပ်က လေယာဉ် ၁၁ စီး ပျက်စီးခဲ့ပါတယ်။










