
ထိုင်းနိုင်ငံမှာ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် အစိုးရက ဆင်းရဲသားကတ် Welfare Card ထုတ်ပေးပြီး အခြေခံအသုံးစရိတ်တွေ ကူညီထောက်ပံ့ပေးမယ်လို့ ထိုင်းသတင်းတွေအရ သိရ ပါတယ်။
၂၀၂၆ ခုနှစ်ထုတ် ဆင်းရဲသားကတ် ရရှိသူတွေမှာ သတ်မှတ်ထားတဲ့ဈေးဆိုင်မှာ ကုန်ပစ္စည်းဝယ်ယူဖို့ တလ ဘတ် ၃၀၀ ရမယ်၊ ဒါပေမဲ့ ငွေသားအဖြစ်ထုတ်ယူလို့မရ၊ အိမ်သုံးဂက်စ်ဖိုး ၃ လကို ဘတ် ၈၀ လျှော့ပေးမယ်၊ အများပြည်သူပိုင် ဘတ်စ်ကား၊ လျှပ်စစ်ရထား၊ အဝေးပြေးကားနဲ့ ရထားလိုင်းစီးခ တလကို ၇၅ ဘတ် ထောက်ပံ့မယ်၊ လျှပ်စစ်မီတာခ တအိမ်ထောင် ၃၁၅ ဘတ်ထက်မပို၊ ရေမီတာခ တအိမ်ထောင် ဘတ် ၁၀၀ ထက်မပို ကူညီထောက်ပံ့မယ်။ မသန်စွမ်းသူတွေအတွက် မူလက ပုံမှန် ရထားတဲ့ ထောက်ပံ့ကြေးအပြင် အစိုးရက နောက်ထပ် တလကို ဘတ် ၂၀၀ ထပ်ဆောင်းပေးမယ်။
အဆိုပါထောက်ပံ့ကြေးငွေတွေကို နိုင်ငံသားမှတ်ပုံတင်အမှတ်နဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်ငွေစုစာရင်း ထဲကို တိုက်ရိုက်လွှဲပေးမှာဖြစ်တယ်။ ဆင်းရဲနွမ်းပါးသူများရဲ့ နေ့စဉ်လူမှုဘဝ ငွေကြေးအသုံးစရိတ် ပိုကောင်းမွန်ဖို့ တလကို ဘတ် ၁,၀၀၀ ခံစားခွင့်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ်အတွက် ဆင်းရဲသားမှတ်ပုံတင်ခွင့် ရှိသူတွေဟာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ထိုင်းနိုင်ငံသား ဖြစ်ရမယ်၊ ကျောင်းသား ကျောင်းသူတွေ မဖြစ်ရ၊ နှစ်စဉ် ဘတ် ၁၂,၀၀၀ အသက် အာမခံကြေးသွင်းသူ မဖြစ်ရ၊ စီးပွားရေးအစုရှယ်ယာ ဝင်ထားသူ မဖြစ်ရ၊ နှစ်စဉ် ဝင်ငွေ ဘတ် ၁၀၀,၀၀၀ ထက် မပိုသူဖြစ်ရမယ်၊ ဘတ် ၁၀၀,၀၀၀ ထက်ကျော်တဲ့ နေအိမ်နဲ့ ကားပိုင်ဆိုင်သူ မဖြစ်ရ၊ ခရက်ဒစ်ကတ်ရှိသူ မဖြစ်ရ၊ ဘတ် ၁၀၀,၀၀၀ ထက်ပိုတဲ့ ကြွေးမြီရှိသူ မဖြစ်ရ စတဲ့ ကန့်သတ်ချက်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် အရင်အစိုးရတွေလက်ထက်က သတ်မှတ်ကုန်ပစ္စည်း ဝယ်ယူရာမှာ အစိုးရက တဝက်စိုက် ကူပေးထားတဲ့ (တယောက်တဝက်စီစနစ်) ဝယ်ယူခွင့်ရထားသူတွေ မဖြစ်ရပါဘူး။
၂၀၂၆ ဆင်းရဲသားကတ် Welfare Card မှတ်ပုံတင်ထားသူတွေရဲ့ အချက်အလက်ကိုက်ညီမှု ရှိမရှိကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လူသားရင်းမြစ်တည်တံ့ရေးဝန်ကြီးဌာနတို့ ပူးပေါင်းစစ်ဆေးသွားမှာ ဖြစ်ပြီး အဆိုပါကတ် ရသူတွေအနေနဲ့ ဒီ ၂၀၂၆ ဩဂုတ် ၁ ရက်မှာ စတင်အသုံးပြုနိုင်မယ်လို့ ထိုင်းအစိုးရအိမ်တော် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
Source: CH7HD News / Bangkokbiznews











