
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရဲ့ ညနက်ပိုင်းအချိန်တွေမှာ မြို့တော်ကြီး သန့်ရှင်းသာယာ နေအောင် မမြင်ကွယ်ရာကနေ အားသွန်ခွန်စိုက် လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အမှိုက်သိမ်း လုပ်သားတွေရဲ့ အခန်းကဏ္ဍကို ဖော်ညွှန်းတဲ့ “Night with Santa Claus” ဆိုတဲ့ထူးခြားတဲ့ စေတနာ့ဝန်ထမ်း လှုပ်ရှားမှုတခု ဧပြီ ၃၀ ရက်က ပြုလုပ်ခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုမှာ ပါဝင်သူ စေတနာ့ဝန်ထမ်း ၁၂ ယောက်ဟာ ချင်းမိုင်မြို့တွင်းမှာ မြန်မာအမှိုက်သိမ်း လုပ်သားတွေနဲ့အတူ တုတ်တုတ် (သုံးဘီးဆိုင်ကယ်) တွေစီးပြီး သူတို့ရဲ့ လုပ်ငန်းခွင်ထဲကို ကိုယ်တိုင် ကိုယ်ကျ လိုက်ပါလေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ကို ဖော်ဆောင်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူမှုပတ်ဝန်းကျင်မှာ အမြစ်တွယ် နေတဲ့ အစွဲအလမ်းတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို စိန်ခေါ်ဖို့ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ချင်းမိုင်မြို့ရဲ့ နေ့စဉ်လည်ပတ်မှုနဲ့ သန့်ရှင်းရေးအတွက် အခြေခံ ကျတဲ့ အခန်းကဏ္ဍက ပါဝင်နေပေမဲ့ အများပြည်သူကတော့ သူတို့ကို “ပြင်ပလူ”တွေ အဖြစ်သာ သတ်မှတ်ပြီး ဘေးဖယ်ထားလေ့ ရှိကြပါတယ်။
Serm Raeng Rian Chiang Mai အဖွဲ့မန်နေဂျာဖြစ်သူ ကနော့ဝမ်မီးဖရွမ်က “သူတို့ဟာ တခြားသူတွေ မဟုတ်ပါဘူး။ သူတို့ဟာ ဒီမြို့ကို သန့်ရှင်းအောင် လုပ်ပေးနေသူတွေဖြစ်သလို၊ ချင်းမိုင်ကို ပြောင်းရွှေ့အခြေချလာသူတွေလည်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
Serm Raeng Rian Chiang Mai အဖွဲ့ကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ရွှေ့ပြောင်းလုပ်သား မိသားစုဝင် ကလေးငယ်တွေကို စေတနာ့ဝန်ထမ်း ပညာသင်ကြားပေးရာကနေ စတင်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ရွှေ့ပြောင်းအလုပ်သမား မိသားစု တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ စေတနာ့ဝန်ထမ်းတွေအတွက်တော့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ နီးနီး ကပ်ကပ် ထိတွေ့ခွင့်ရတာဟာ သူတို့ရဲ့ အမြင်တွေကို ပြောင်းလဲစေခဲ့ပါတယ်။
လှုပ်ရှားမှုမှာပါဝင်ခဲ့သူ သက်က “အမှိုက်သိမ်းသူတွေနဲ့အတူ လိုက်ပါသွားတဲ့အခါ သူတို့ရဲ့ ဘဝပုံပြင် တွေကို နားထောင်ခဲ့ရလို့ ကိုယ်ချင်းစာမိသလို သူတို့အတွက်လည်း ဂုဏ်ယူမိပါတယ်။ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ အရေးကြီးတဲ့နေရာက ပါဝင် နေတာပါ။ သူတို့ဟာ သူတို့မိသားစုအတွက်လည်း သူရဲကောင်းတွေပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
ပွဲစီစဉ်သူတွေအနေနဲ့ ဒီလှုပ်ရှားမှုဟာ ကြည့်ကောင်းရုံသက်သက် မဖြစ်စေဖို့ အလုပ်သမားတွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှု မရှိစေဖို့ တင်းကျပ်တဲ့ စည်းကမ်းချက်တွေကို ချမှတ် ထားပါတယ်။
မီးဖရွမ်က “ဒါဟာ အပြန်အလှန်လေးစားမှုနဲ့ အပြန်အလှန် ဖလှယ်မှုတခုပါ။ အပြန်အလှန် ဆက်ဆံရေးမှာ ပြုပြင်ပြောင်းလဲရမှာတွေ ရှိနိုင်ပေမဲ့ အနည်းဆုံးတော့ ဒီအစီအစဉ်ဟာ လူတွေရဲ့ စိတ်နှလုံးကို ဖွင့်ပေးပြီး ဒီလိုမျိုး ရွှေ့ပြောင်းလုပ်သားတွေအကြောင်း လေ့လာနိုင်ဖို့ ပထမဆုံးအကြိမ် လမ်းဖွင့်ပေးလိုက်တာပါပဲ” လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ဒီအစီအစဉ်ဟာ အမှိုက်သိမ်းလုပ်သားတွေကို သနားစရာကောင်းသူတွေအဖြစ် ရှုမြင်ဖို့ မဟုတ်ဘဲ မြို့ပြရဲ့ အမှောင်ရိပ်အောက်မှာ ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြသူတွေရဲ့ အမြင်ကနေတဆင့် မြို့ပြရဲ့ အခြေအနေမှန်ကို ပြန်လည်ရှုမြင်နိုင်ဖို့ အလေးထားဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။










