DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ငါးရှဉ့်ဈေးကျသဖြင့် လုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲဖြစ်
DVB
·
October 25, 2026
Photo: KH
Photo: KH
Donate to DVB

ဧရာဝတီတိုင်းမှာ ငါးရှဉ့်ဈေးတွေ ကျဆင်းလာတာကြောင့် ငါးရှဉ့်လုပ်ငန်း လုပ်ကိုင်သူတွေ အခက်အခဲဖြစ်နေတယ်လို့ ဒေသတွင်း ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ တတိယအပတ်ကစပြီး ငါးရှဉ့်ဈေးတွေ စတင်ကျဆင်းလာတာဖြစ်ပြီး လက်ရှိမှာ ငါးရှဉ့်တပိဿာကို ကျပ် ၁၄,၀၀၀ ဝန်းကျင်သာ ရှိတော့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ပထမအပတ်ကတော့ ငါးရှဉ့်တပိဿာကို ကျပ် ၂၀,၀၀၀ ကနေ ၂၅,၀၀၀ အထိ ဈေးရရှိခဲ့တာ ဖြစ်ပါတယ်။

အခုလို ဈေးကျဆင်းလာရတာဟာ ပြည်ပကို ငါးရှဉ့်တင်ပို့မှု လျော့နည်းလာတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “နယ်စပ်နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေကြောင့် ပြည်ပကို တင်ပို့ရတာ နည်းသွားလို့ ဈေးကျတာပါ။ ပြည်တွင်းဈေးကွက် တခုတည်းကိုပဲ အားကိုးနေရတော့ ငါးရှဉ့်ဈေးက ထိုးကျနေတာ။ ငါးရှဉ့်ကို တရုတ်နဲ့ ထိုင်းဈေးကွက်တွေကို တင်ပို့ရပေမဲ့ အခု ကန့်သတ်ချက်တွေလည်း ရှိနေတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက ငါးရှဉ့်တွေကို ဒေသတွင်း ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ဝယ်ယူပြီး သန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချကြတာ ဖြစ်ပါတယ်။

အဲဒီကတဆင့် တရုတ်နိုင်ငံကို ဆက်လက်တင်ပို့တာဖြစ်ပြီး ဈေးကျဆင်းလာတာကြောင့် ငါးရှဉ့်မွေးမြူသူတွေနဲ့ ငါးရှဉ့်ရှာဖွေသူတွေလည်း အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ငါးရှဉ့်ရှာဖွေတဲ့လုပ်ငန်း လုပ်ကိုင်သူတယောက်က “ငါးရှဉ့်ဈေးကောင်းရရင် အရေအတွက် နည်းနည်းပဲရလည်း အဆင်ပြေပါတယ်။ ဈေးမရတော့ အလုပ်လုပ်ရတာ အဆင်မပြေဘူး။ အနည်းဆုံး တပိဿာကို ကျပ် ၂၀,၀၀၀ လောက်ရရင်တော့ မဆိုးဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ငါးရှဉ့်ဈေး ကျဆင်းလာတဲ့အပြင် ရှာဖွေရရှိမှုလည်း နည်းပါးလာတာကြောင့် တရက်ကို ငါးရှဉ့်တပိဿာ ရဖို့တောင် အတော်လေး ရှာဖွေနေရတယ်လို့ ဆိုပါတယ်။

အရင်ကတော့ တပတ်ကို ငါးရှဉ့် တပိဿာကနေ ၃ ပိဿာအထိ ရရှိတတ်ပေမဲ့ လက်ရှိမှာတော့ အရင်လောက် မရတော့ဘူးလို့ ငါးရှဉ့်ရှာဖွေသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013