အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ အဓိက စစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားက ဩဂုတ် ၁၄ ရက်မှာ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပြီး ဒီနှစ်လေ့ကျင့်မှုဟာ မနှစ်ကထက် ပိုပြီး ရန်စမှုဆန်တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ နျူကလီးယား မဟာမိတ်အဖြစ် ပြောင်းလဲလာနေတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဒါ့ကြောင့် ပေါ်ပေါက်လာတဲ့ ခြိမ်းခြောက်မှုအသစ်တွေကို ပိုမိုမြင့်မားတဲ့ ဟန့်တားမှုအသစ်နဲ့ တုံ့ပြန်သွားမယ်လို့ မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA က ဖော်ပြခဲ့တာပါ။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ နှစ်စဉ်ပြုလုပ်မြဲဖြစ်တဲ့ Ulchi Freedom Shield (UFS) ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဩဂုတ် ၁၇ ရက်ကနေ ၂၇ ရက်အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ တိုးတက်လာတဲ့ စစ်ရေးစွမ်းရည်တွေကို ရင်ဆိုင်နိုင်ဖို့အတွက် ဒီလေ့ကျင့်မှုမှာ ဒရုန်းတားဆီးရေး၊ GPS နှောင့်ယှက်မှု ကာကွယ်ရေးနဲ့ ဆိုက်ဘာတိုက်ခိုက်မှု တုံ့ပြန်ရေး လေ့ကျင့်ခန်းတွေကိုပါ ထည့်သွင်းထားပါတယ်။
ပြုံယမ်းအစိုးရကတော့ ဒီလို ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို စစ်ရေးတင်းမာမှု မြင့်တက်စေတဲ့ ရန်စမှုတွေအဖြစ် ပုံမှန် ဝေဖန်ရှုတ်ချလေ့ ရှိပါတယ်။
Source: Reuters











