
ဂျာမနီနိုင်ငံ၊ မြူးနစ်ချ်မြို့ မူလ်ဒေါ့ဖ် စထရက်ဆယ် လမ်းမပေါ်ရှိ စစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတွေ တည်ရှိရာ အဆောက်အအုံကို စက်တင်ဘာ ၃ ရက် ညသန်းခေါင်ယံမှာ မီးရှို့ဖို့ ကြံစည်မှု ဖြစ်ပွားခဲ့လို့ ရဲတပ်ဖွဲ့က နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုအဖြစ် ပူးပေါင်း စုံစမ်းစစ်ဆေးနေပါတယ်။
ဒါဟာ ၂၄ နာရီအတွင်း လျှပ်စစ်ဓာတ်အားလိုင်းကို နှောင့်ယှက်ဖျက်ဆီးဖို့ ကြိုးပမ်းမှု ၂ ခု ဖြစ်ပြီးနောက်ပိုင်း ရက်ပိုင်းအတွင်းမှာတင် ဖြစ်ပွားခဲ့တာပါ။
ကားပေါ်ကနေ မီးလောင်စေတဲ့ ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့တာကို မျက်မြင်သက်သေတယောက်က ကားအမျိုးအစားနဲ့တကွ အတိအကျ သတင်းပေးခဲ့တာကြောင့် မြူးနစ်ချ်ရဲတပ်ဖွဲ့ ချက်ချင်းရောက်ရှိလာပြီး မီးကို အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ ကြီးကြီးမားမား ပျက်စီးမှု မရှိခဲ့ပါဘူး။
ဖြစ်စဉ်အပြီး ပိုက်စိပ်တိုက် လိုက်လံဖမ်းဆီးရာမှာတော့ အနီးအနား ဓာတ်ဆီဆိုင်တခုမှာ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသား ဘူလ်ဂေးရီးယား နိုင်ငံသား ၂ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
အဲဒီအဆောက်အအုံမှာ ဒရုန်းထောက်လှမ်းရေး ရေဒါစနစ်တွေ ထုတ်လုပ်တဲ့ ရိုဒယ် အန် ရွှာ့ဇ် အပါအဝင် စစ်လက်နက် ကုမ္ပဏီအများအပြား ရှိနေတာကြောင့် အခုဖြစ်စဉ်ကို နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုအဖြစ် ယူဆထားပြီး ပြည်နယ်ရာဇဝတ်ရဲတပ်ဖွဲ့နဲ့ မြူးနစ်အစိုးရရှေ့နေရုံးတို့ ပူးပေါင်း စုံစမ်းနေပါတယ်။
အခုဖြစ်စဉ်ဟာ လျှပ်စစ်ဓာတ်အားလိုင်း ဖျက်ဆီးရေး ကြိုးပမ်းမှုတွေအပြင် လွန်ခဲ့တဲ့လက လေဆိပ် ဒရုန်းတိုက်ခိုက်မှုတို့ ဖြစ်ပွားပြီးနောက် ဂျာမနီနိုင်ငံအတွင်း အရေးပါတဲ့ အခြေခံအဆောက်အအုံတွေအပေါ် ခြိမ်းခြောက်မှုတွေ မြင့်တက်နေချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒီသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ လျှပ်စစ်ဓာတ်အားလိုင်း ဖျက်ဆီးမှုတွေရဲ့ နောက်ကွယ်မှာ နိုင်ငံခြားအင်အားစုတွေ ပါဝင်ပတ်သက်နေသလို ပြည်တွင်းရှိ လက်ဝဲစွန်းရောက်တွေရဲ့ လက်ချက်လည်း ဖြစ်နိုင်ခြေရှိတာကို ငြင်းမရကြောင်း ဂျာမန်အာဏာပိုင်တွေက ပြောကြားထားပါတယ်။
ပြည်ထဲရေးဝန်ကြီး အလက်ဇန်းဒါး ဒိုဘရင်းဒ်က နိုင်ငံခြားအင်အားစုတွေဟာ ဂျာမနီနိုင်ငံအတွင်း ဖျက်ဆီးရေးလုပ်ငန်းတွေလုပ်ဖို့ အစွန်းရောက်အုပ်စုတွေကို ကိုယ်စားလှယ်အဖြစ် အသုံးပြုနိုင်ကြောင်း သတိပေးထားပါတယ်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ယိုဟန်း ဝါဒီဖူးလ် ကလည်း လုံခြုံရေးကိစ္စရပ်တွေကို ဆွေးနွေးဖို့ ပြင်သစ်နဲ့ ပိုလန် နိုင်ငံခြားရေးဝန်ကြီးတွေကို ကြာသပတေးနေ့က လက်ခံတွေ့ဆုံခဲ့ပါတယ်။
Source: Reuters











