
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကြိမ်ချောင်းအကျဉ်းစခန်းကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် စစ်သုံ့ပန်း အကျဉ်းသား ဗိုလ်ကြီးတယောက် အပါ ၄ ယောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇူလိုင် ၂ ရက် ညနေ ၃ နာရီကျော်လောက်က ဂျက်တိုက်လေယာဉ် ၂ စင်း၊ Y12 တစင်းတို့နဲ့ စစ်အာဏာရှင်တပ်က မောင်တောမြောက်ပိုင်း ကြိမ်းချောင်းအကျဉ်းစခန်းကို ပေါင် ၅၀၀ ဗုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“ဗုံးက နခခ ၇ နဲ့ ကြိမ်ချောင်းအကျဉ်းစခန်း၊ တောနားတောင်နားတွေကို အဓိကပစ်တယ်။ အဲဒီအကျဉ်းစခန်းမှာ ဆေးတပ်ဗိုလ်ကြီးတယောက်အပါ ၄ ယောက်သေတယ်။”
အဆိုပါဗိုလ်ကြီးဟာ အာရက္ခတပ်တော်ကနေ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားပေမဲ့ ဆေးတပ်ကဖြစ်လို့ ကြိမ်ချောင်းအကျဉ်းထောင်တွင်း အကျဉ်းသားတွေကို ဆေးကုသဖို့ အာရက္ခတပ်တော်က တာဝန်ပေးထားတဲ့ သုံ့ပန်းတယောက် ဖြစ်တယ်လို့လည်း ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သုံ့ပန်း ဆေးတပ်ဗိုလ်ကြီး တယောက်နဲ့ အကျဉ်းသား ၃ ယောက် ပေါင်း ၄ ယောက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။
ဇူလိုင် ၁ ရက်ကလည်း မောင်တော နခခ ၅ ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဇူလိုင် ၂ ရက်မှာ ကြိမ်ချောင်းအကျဉ်းစခန်းကို ဗုံးကြဲလာတဲ့အတွက် ဒေသခံတွေ ညနေအချိန်ကစပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဒေသခံ အမျိုးသားတယောက်က “ကတုတ်ကျင်းရှိလည်း ပေါင်း ၅၀၀ ဗုံးနဲ့ လာချတော့ ကျနော်တို့ တူးထားတဲ့ ကျင်းထက် ဗုံးကျတဲ့နေရာက ပိုလို့နက်တယ်။ အဲဒါနဲ့ အခုလို အုပ်စုလိုက် လေယဉ်လာကြဲနေတော့ ဘေးလွတ်ရာသို့ စစ်ရှောင်ထွက်လာတာပါ” လို့ ပြောပါတယ်။
ဇူလိုင် ၁ ရက်ကလည်း ဘူးသီးတောင်မြို့နယ်ရှိ စကခ ၁၅ နေရာဟောင်းနဲ့ ပတ်ဝန်းကျင်တွေကိုပါ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ မွတ်စလင် ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။











