
တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတယောက် ဧပြီ ၁၉ ရက်ညနေပိုင်းက လုပ်ငန်းခွင်ထဲမှာ မူးလဲကျပြီး သေဆုံးခဲ့တယ်လို့ ကိုရီးယားလောက် မြန်မာအသိုက်အဝန်းဆီက သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ချွန်နမ်ပြည်နယ်၊ အာဆန်မြို့က စက်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား အသက် ၃၂ နှစ်အရွယ် ကိုလင်းကိုကိုဟာ အလုပ်လုပ်နေရင်း ရုတ်တရက် မူးလဲကျပြီး သေဆုံးသွားခဲ့တာလို့ တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က ပြောပါတယ်။
အာဆန်ရဲစခန်းကကွယ်လွန်သူ ကိုလင်းကိုကိုရဲ့ ရုပ်အလောင်းကို စစ်ဆေးပြီး သင်္ဂြိုဟ်ခွင့်ပြုတဲ့အခါ နာရေးအစီအစဉ်ကို ထပ်မံ ကြေညာပေးမယ်လို့လည်း အသိပေးထားပါတယ်။
ကိုလင်းကိုကိုဟာ မွန်ပြည်နယ်၊ မုဒုံမြို့ဇာတိဖြစ်ပြီး အသောက်အစားကင်းသူ တယောက်လို့ သိရကာ ကွယ်လွန်ချိန်မှာ ဇနီးနဲ့ ကလေး တယောက် ကျန်ရစ်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ မတ် ၂၉ ရက်ကလည်း အသက် ၃၃ နှစ်အရွယ် မြန်မာအလုပ်သမား ကိုစန်းယု လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မှုဖြစ်ခဲ့ပြီး ရက်ပိုင်းကြာမှာ သတိပြန်လည် မလာတော့ဘဲ ကွယ်လွန်သွားခဲ့ပါတယ်။










