
အီရန်စစ်ပွဲကြောင့် စီးပွားရေးအရ သက်ရောက်မှုတွေ သက်သာစေဖို့ရာ ထိုင်းနိုင်ငံက အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိတဲ့ အရေးပေါ်ချေးငွေ အစီအစဉ်တရပ်ကို မေ ၅ ရက်မှာ အတည်ပြု လိုက်ပါတယ်။
ဒါဟာ ဆယ်စုနှစ်များစွာအတွင်း ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး ချေးငွေအစီအစဉ်တွေထဲမှာ ပါဝင်တဲ့ အလျောက် ပြီးခဲ့တဲ့ နှစ်က ၂ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့တဲ့ စီပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ၁ ဒသမ ၆ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ရပါတယ်။
ထိုင်းမှာ ငွေကြေးဖောင်းပွမှု မြင့်တက်လာပြီး တိုးတက်မှု နှေးကွေးလာတာနဲ့အမျှ စီးပွားရေး ကျပ်တည်းမှုတွေ သက်သာစေဖို့နဲ့ ပြည်တွင်းသုံးစွဲမှု မြင့်တက်လာအောင် ဒီရန်ပုံငွေကို အစိုးရအဖွဲ့က အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်ဝီရာကူးလ်ကတော့ ဒါဟာနိုင်ငံကို ရှေ့ဆက်မောင်းနှင်နိုင်ဖို့နဲ့ စီးပွားရေး အားနည်းလာတာတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးမဲ့ကိရိယာဖြစ်သလို ဒီအကျပ်အတည်း ကို အတူတကွ ကျော်လွှားကြမယ်လို့လည်း ပြောသွားပါတယ်။
"ထိုင်းအချင်းချင်း ကူညီကြမယ်" ဆိုတဲ့အစိုးရရဲ့ အစီအစဉ်အရ ဘတ်ငွေ အားဖြင့် ဘီလီယံ ၄၀၀ လောက်ရှိတဲ့ ချေးငွေကို ဇွန်လကနေ စက်တင်ဘာလအတွင်း သုံးစွဲသွားဖို့ရှိပါတယ်။
အဲဒီထဲမှာ ဝင်ငွေနည်းပြည်သူ သန်း ၂၀ ကျော်အတွက် နေထိုင်စားသောက် စရိတ် သက်သာစေရေး နဲ့ ပြည်တွင်းစွမ်းအင်လိုအပ်ချက်အတွက် အစားထိုးဖြည့်ဆည်းပေးနိုင်ဖို့အထိ ပါဝင်ပါတယ်။
ဒါပေမဲ့လည်း ၁၉၉၇ အာရှဘဏ္ဍာရေး အကျပ်အတည်းနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလတုန်းက ချေးငွေပမာဏထက်တော့ လျော့နည်းနေသေးတာကို တွေ့ရပါတယ်။
အခြေခံငွေကြေးဖောင်းပွမှုနှုန်းအရဆိုရင်လည်း အစောပိုင်းမှာ ၀ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိနိုင်တယ် လို့ ခန့်မှန်းထားခဲ့ရာကနေ ဒီနှစ်အတွင်း ၃ ရာခိုင်နှုန်းလောက်ကို မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
တချိန်တည်းမှာပဲ ကမ္ဘောဒီးယားနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ ကမ်းလွန်စွမ်းအင် ပူးတွဲရှာဖွေရေး သဘောတူညီချက်ကို ထိုင်းအစိုးရဘက်က တဖက်သတ် ရုပ်သိမ်းလိုက်ပါတယ်။ အခုလိုမျိုး နုတ်ထွက်သွားတာဟာ ဝန်ကြီးချုပ် အနုထင်းရဲ့ ရွေးကောက်ပွဲ မဲဆွယ်ကတိအရ ဖြစ်ပါတယ်။
အခုနှစ်အစောပိုင်းမှာ ကမ္ဘောဒီးယားနဲ့ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ နယ်စပ်တိုက်ပွဲတွေကြောင့် အနုထင်းဟာ အရှိန်တက်လာတဲ့ အမျိုးသားရေးလှိုင်းကိုစီးပြီး ရွေးကောက်ပွဲကနေတဆင့် ဝန်ကြီးချုပ် ဖြစ်လာခဲ့သူပါ။
ဝန်ကြီးချုပ်အနုထင်းက "ဒီသဘောတူညီချက်ကို ဖျက်သိမ်းလိုက်တာက ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခနဲ့ မသက်ဆိုင်ပါဘူး။ ဒါဟာ ကျနော့်မူဝါဒ တစိတ်တပိုင်းသာ ဖြစ်ပါတယ်။ ၂၅ နှစ်တောင် အချိန်ကြာမြင့်နေပြီ ဖြစ်ပေမဲ့လည်း ဘာတိုးတက်မှုမှ မရှိလို့ပါ"လို့ သတင်းထောက်တွေကို မှတ်ချက် ပေးပါတယ်။
Source:Reuters










