
ထိုင်းမြောက်ပိုင်း၊ ကမ်ဖိုင်ဖစ်ခရိုင်ထဲမှာ ဇူလိုင် ၂ ရက်က မြန်မာအမျိုးသားတယောက် မောင်းနှင်လာတဲ့ သခွားသီးတင်ကားထဲကနေ ဘတ်သန်းပေါင်း ၅၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈,၀၀၀,၀၀၀ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မနေ့မွန်းလွဲ ၁ နာရီလောက်က ကမ်ဖိုင်ဖစ်မြို့၊ နခွန်းချုမ်းရပ်ကွက်၊ ဖဟွန်ယိုးထင်းလမ်း မီးပွိုင့်နားမှာ သခွားသီးတင်ကားတစီးက မီးစိမ်းစောင့်ရပ်ဆိုင်းနေတဲ့ ဆိုင်ကယ်တစီးကို ဝင်တိုက်မိခဲ့ပြီး ဆိုင်ကယ်စီးသူ အသက် ၆၁ နှစ်ရွယ် နိုင်းဝီရဖုန်း ဒဏ်ရာပြင်းစွာ ရသွားပါတယ်။
ဒါပေမဲ့ သခွားသီးတင်ကားက တာဝန်ယူမှုမရှိဘဲ ထွက်ပြေးသွားခဲ့လို့ ယာဉ်ထိန်းရဲတွေက အဲဒီကားကို စောင့်ကြပ်ဖမ်းဆီးပေးဖို့ နယ်မြေထဲရှိ စစ်ဆေးရေးဂိတ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပါ အကြောင်းကြားခဲ့သလို အနောက်ကနေလည်း လိုက်လံဖမ်းဆီးခဲ့ပါတယ်။
အဆိုပါကားဟာ အခင်းဖြစ်တဲ့နေရာနဲ့ ၄၅ ကီလိုဝေးတဲ့ ခလောင်းခလွန်နယ်မြေရောက်တော့ ကားရှေ့ဘီးပေါက်ပြီး ဆက်မသွားနိုင်တော့ဘဲ ရပ်လိုက်ရပါတယ်။
ရဲတွေက ကားပေါ်က သခွားသီးတွေကို မသင်္ကာလို့ စစ်ဆေးရာမှာတော့ သခွားသီးအိတ်တွေကြား စိတ်ကြွဆေးပြားတွေ ထည့်လာတဲ့ အစိမ်းရောင်အိတ် အလုံး ၄၀ ကို တွေ့ရှိခဲ့ကာ အိတ်တလုံးမှာ စိတ်ကြွဆေး ၂၀၀,၀၀၀ စီ ထည့်ထားတာကြောင့် စုစုပေါင်း စိတ်ကြွဆေး ၈,၀၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ယာဉ်မောင်းမှာ အသက် ၂၅ နှစ်ရွယ်ရှိ နိုင်းဆိုင်လွတ် ဖြစ်ပြီး ၁၀ နှစ်ခံ ပန်းရောင်ကတ်ကိုင်ဆောင်သူ မြန်မာနိုင်ငံသားတယောက် ဖြစ်ပါတယ်။
သူကတော့ အဲဒီသခွားသီးတင်ကားကို ဘန်ကောက်ကို ပို့ပေးဖို့ အခကြေးငွေ ဘတ် ၇၀,၀၀၀ နဲ့ မောင်းနှင်လာခဲ့တာ ဖြစ်တယ်၊ စရံငွေ ဘတ် ၁၀,၀၀၀ ရထားပြီး ကျန်ငွေတွေကိုတော့ ခရီးဆုံးမှ ပေးချေမယ်လို့ ပြောတယ်။ ဒါဟာ ပထမဆုံးအကြိမ်လို့ ထွက်ဆိုထားပါတယ်။
တာဝန်ရှိသူတွေကတော့ သူပြောတာအားလုံး ယုံကြည်မှု မရှိသေးဘဲ ဆက်လက်စစ်ဆေးနေသလို ရှေ့ပြေးလမ်းပြ မောင်းနှင်ခဲ့တဲ့ မစ်ဆူဘီရှီကားတစီးကိုပါ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ခလောင်းခလွန်နယ်မြေ ရဲတပ်ဖွဲ့က ပြောပါတယ်။
Source: CH3 Plus News / Workpoint News










