
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ခြေမှာရှိတဲ့ Popa Garden Resort မှာတည်းခိုတဲ့ ဧည့်သည် ၁၁ ယောက်ကို အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံကနေ စုံစမ်းသိရပါတယ်။
ဇူလိုင် ၂၇ ရက် နေ့လယ် ၃ နာရီခွဲဝန်းကျင်မှာ ကား ၄ စီးနဲ့ လက်နက်ကိုင်ဆောင်ထားတဲ့လူတစုက အဆိုပါ လူ ၁၁ ယောက်ကို သူတို့ တည်းခိုရာဟိုတယ်ကနေ လာရောက် ဖမ်းဆီး ခေါ်ဆောင် သွားတာဖြစ်ပါတယ်။
ဒေသခံတယောက်က "ဟိုတယ်မှာပဲလာဖမ်းသွားတာ။ တောင်တက်အဖွဲ့တွေလို့ သိရတယ်။ ဟိုတယ် ကတော့ သူတို့နာမည်ထိမှာစိုးလို့ ရှောင်တာ။ ဘယ်အဖွဲ့အစည်းမှန်းလည်းသေချာမသိဘူး။ အခုက လိုက်တော့လိုက်နေကြတယ်"လို့ ပြောပါတယ်။
Popa Garden Resort ဟိုတယ်ဘက်ကတော့ အပြင်ကို သွားရောက်လည်ပတ်စဥ် ပျောက်ဆုံး သွားတာဖြစ်ပြီး ဟိုတယ်နဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က အမျိုးသား ၇ ယောက်၊ အမျိုးသမီး ၁ ယောက်ကျောက်တန်းမြို့နယ်က အမျိုးသား ၁ ယောက်၊ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က အမျိုးသမီး ၁ ယောက်နဲ့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်က အမျိုးသား ၁ ယောက်တို့ ဖြစ်ကြပါတယ်။
စစ်အာဏာရှင်တပ်ကတော့ သူတို့ ဖမ်းဆီးတာမဟုတ်ဘဲ လိုက်လံစုံစမ်းနေတယ်လို့ သိရပါတယ်။ နယ်မြေဒေသအေးချမ်းမှု မရှိတာကြောင့် ပုပ္ပါးဘက်ကို ခရီးသွားဧည့်သည်တွေ လာရောက်ခြင်း မပြုဖို့ ဒေသခံတွေက သတိပေးထားပါတယ်။
လက်ရှိမှာ ညောင်ဦး - ကျောက်ပန်းတောင်းကြားရှိ ပုပ္ပါးနဲ့ ဆက်သွယ်ထားတဲ့ ဗျတ္တပန်းဆက် လမ်းပိုင်းမှာ ခရီးသွားတွေကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲငွေညှစ်တာနဲ့ လူပျောက်တာတွေ မကြာခဏ ဖြစ်နေပါတယ်။










