
ပုပ္ပါးမှာ နယ်မြေမအေးချမ်းပေမဲ့ အဘထွက်ပွဲသွားမဲ့သူ အလွန်များပြားပြီး ကားအငှား Booking တွေ ပြည့်နေပြီလို့ ကားအငှားဝန်ဆောင်မှုလုပ်ငန်းတွေကနေ သိရပါတယ်။
၇၄ ကြိမ်မြောက် အဘထွက်ပွဲကို ပုပ္ပါးတောင်မှာ ကျင်းပမှာဖြစ်ပြီး ပွဲမကျင်းပမီ နှစ်ပတ် အလိုကတည်းက ကားငှားရမ်းထားသူတွေနဲ့ ပြည့်နေပြီလို့ သိရပါတယ်။
ကားစင်းလုံးငှား ဝန်ဆောင်မှုလုပ်ကိုင်သူတယောက်က “အဘထွက်ပွဲကို တော်တော်သွားကြတယ်။ ကားစင်းလုံးငှားပြီး သွားကြတာ။ Booking တွေဆို အကုန်ပြည့်နေပြီ။ တနိုင်ငံလုံးကလူတွေ လာကြတယ်။ အဘထွက်ပွဲကတော့ မနှစ်ကလည်း စည်တယ်။ ဒီနှစ်တော့ မပြောတတ်ဘူး။ ကားတွေလည်းကုန်ပြီ” လို့ ပြောပါတယ်။
အခုနှစ် ၇၄ ကြိမ်မြောက် ပုပ္ပါးအဘထွက်ပွဲကို မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်နဲ့ အနီးဝန်းကျင်မှာ စက်တင်ဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။
ပုဂ္ဂိုလ်ထူးတွေကို ကိုးကွယ်ယုံကြည်သူတွေ စုပေါင်းစီစဉ်ကျင်းပတဲ့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် ဘိုးတော်အောင်မင်းခေါင်နဲ့ သက်ဆိုင်တဲ့ ပွဲတော်တရပ်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ကိုးကွယ်ယုံကြည်သူတွေက ပွဲတော်ကို လာရောက်ဆင်နွှဲကြတာ ဖြစ်ပါတယ်။
အဘထွက်ပွဲ ကားစင်းလုံးငှားဈေးနှုန်းမှာ တရက် ၃၅၀,၀၀၀ ကျပ်ခန့်ရှိပြီး ဆီ၊ လမ်းတံတားကြေး စတာတွေကို သီးခြားပေးရတာတွေလည်း ရှိပါတယ်။
အလားတူ ပုဂံ-ညောင်ဦး-ပုပ္ပါး ၂ ညအိပ် ၃ ရက် Hiace ၁၄ ယောက်စီးကို တရက် ၅၅၀,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။
ဒါကြောင့် ရန်ကုန်-ပုပ္ပါး အသွားအပြန်၊ လူ ၁၅ ယောက်၊ Hiace စင်းလုံးငှားဆိုရင် လက်ရှိအခြေအနေမှာ ကားခ + ဆီ + လမ်းတံတားကြေး + ယာဉ်မောင်းအိပ်စရိတ် ပါ၊ မပါပေါ် မူတည်ပြီး ၄ သိန်းကျော်ကနေ ၇ သိန်းဝန်းကျင်အထိ ဈေးရှိတယ်လို့ သိရပါတယ်။











