
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ခြေအနီးက Popa Garden Resort ပုပ္ပားဂါးဒင်း အပန်းဖြေဟိုတယ်မှာ တည်းခိုသွားတဲ့ ခရီးသွားဧည့်သည် ၁၁ ယောက်ဟာ ဇူလိုင် ၂၇ ရက်ကတည်းက ပျောက်ဆုံးသွားတာ အခုဆိုရင် ရက်သတ္တပတ် တပတ်နီးပါး ရှိလာပါပြီး ပြန်ပေးဆွဲမှုတွေကြောင့် ခရီးသွားလာရောက်မှုတွေ နည်းပါးသွားတယ်လို့ ဒေသခံကပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က အမျိုးသား ၇ ယောက်၊ အမျိုးသမီးတယောက်၊ ကျောက်တန်းမြို့နယ်က အမျိုးသားတယောက်၊ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က အမျိုးသမီးတယောက်နဲ့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်က အမျိုးသား တယောက်တို့ ဖြစ်ကြပါတယ်။
အပန်းဖြေဟိုတယ်ဘက်ကတော့ ဟိုတယ်ဘက်ကနေ တောင်ခြေဘက်အသွားမှာ ပျောက်ဆုံးသွား တယ်လို့ ဆိုပါတယ်။
ခရီးသည်တွေ မပျောက်ဆုံးခင် ဇူလိုင် ၂၇ ရက် နေ့လယ်ပိုင်းမှာ ပုပ္ပားနယ်ကို စစ်ကား ၆ စီးနဲ့ စစ်ကြောင်းဝင်လာတဲ့အတွက် ပုပ္ပါးလွင်ရွာအနီးဝန်းကျင်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
အခု ခရီးသွားတွေ ပျောက်ဆုံးသွားတဲ့နေရာဟာ စစ်တပ်ထိန်းချုပ်ထားတဲ့နယ်မြေ ဖြစ်တဲ့အတွက် ပျူစောထီးတွေက ဖမ်းဆီးသွာတာ ဖြစ်နိုင်သလို တိုက်ပွဲဖြစ်လို့ တိမ်းရှောင်ရင်း ခရီးလွန်တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ပုပ္ပားဒေသက ကာကွယ်ရေးတဖွဲ့နဲ့ နီးစပ်သူတယောက်ကတော့ ခရီးသည်တွေ ပျောက်ဆုံးသွားတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး သူ့ရဲ့အမြင်ကို ပြောပါတယ်။
“သူတို့ အခုဖြစ်တဲ့ပြဿနာက ၇၊ ၈ (စစ်တပ်)နားမှာ၊ ကားဒီဘက်လာတဲ့အချိန်မှာ ဖြစ်တာလား၊ ပုပ္ပားမြို့ပေါ်မှာ ဖြစ်တာလားပေါ့၊ ပုပ္ပားမြို့ပေါ်မှာရော ဒီ ညောင်ဦးဘက်မှာ ဘာဝန်ကြီးရောက်မယ် ဆိုလား ဗျတ္တလမ်းတလျှောက်မှာရော တချို့ ကင်းပုန်းတွေ စစ်တပ်က ချထားတာပေါ့။ ဖြစ်စဉ်တရက်တည်းမှာတင် သူတို့က စစ်ကြောင်းထိုးလာတာ၊ အဲ့တော့ ထိပ်တိုက်တွေ့တဲ့ ပွဲတွေမှာဆို သူတို့လမ်းပေါ်ဖြတ်မရဘူး၊ အဲ့လိုပုံစံ ရှောင်တာရှိတယ်၊ နောက်တခုက စကစက တဖက်လှည့်နဲ့ PDF ယောင်ဆောင်ပြီးတော့ လုတာတွေ ပိုက်ဆံတောင်းတာတွေ ရှိတယ်ဗျ။”
အခုလို ပြန်ပေးဆွဲဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်လာတာကြောင့် ဒေသခံတွေကြားမှာလည်း စိုးရိမ်မှုမြင့်တက်နေသလို ခရီးသွားလာရောက်မှုလည်း နည်းပါးသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဧည့်သည်ကတော့ အရင်ထက်စာရင်တော့ ပါးတာပေါ့နော်။ ရှိတော့ရှိတယ်၊ နည်းတာပေါ့ ဟုတ်။ ဧည့်သည်တွေကတော့ အခု အဲလို သတင်းထွက်လိုက်တော့ နည်းနည်း တချို့ လာမဲ့ဧည့်သည်တွေ နည်းနည်း လျော့တာပေါ့၊ အဲလိုပဲရှိတယ်။ ညောင်ဦး ပြင်ပကတော့ အဆင်မပြေဘူး၊ အဲလိုမျိုး။ ရဲသာ၊ စံပြရွာတို့ အဲဒီဘက် ညောင်ဦးတို့ အဲလိုဆိုရင်တော့ အဆင်မပြေဘူး။ နောက်ပြီးတော့ ကျနော်တို့ ချောက်ဘက်။ နောက် ဟိုဘက် မြင်းခြံဘက်ဆိုရင်လေ၊ ကျောက်ပန်းတောင်းကတော့ အဲဒီ လာတော့ လာနေကြတာ၊ ဧည့်သည်တော်တော်များများတော့ အဲဒီလမ်းပဲ သုံးကြတာ။ ဧည့်သည်တွေကို မှာလိုက်တာပေါ့နော်၊ မသွားဖို့ပေါ့၊ ဒီ မြို့ထဲပဲ၊ မြို့ထဲဧရိယာထဲပဲ လည်ပေါ့နော်။ အဲဒီထက် ကျော်ပြီးတော့ မသွားနဲ့၊ ဘာညာ အဲလိုတော့ မှာတာပေါ့။”
မန္တလေးတိုင်း ညောင်ဦးခရိုင်အတွင်းက ပုဂံဒေသနဲ့ ပုပ္ပားဒေသမှာ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း ပြန်ပေးဆွဲမှုပေါင်း ၁၀ မှုကျော် ဖြစ်ပွားခဲ့ပါတယ်။
သီရိ










