ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေဟာ ဂိုဏ်းတခုရဲ့ ပြန်ပေးဆွဲဖို့ ကြံစည်တာ ခံခဲ့ရတဲ့ ထင်ပေါ်ကျော်ကြားသူ ၂၆ ယောက်ထဲမှာ ပါဝင်ခဲ့ကြောင်း ပြင်သစ်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
ဒီကြံစည်မှုကို အသက် ၁၈ နှစ်အရွယ် ကလီးမန့် အယ်လ်က ဦးဆောင်ခဲ့တာပါ။ သူဟာ ဓားပြတိုက်မှုနဲ့ ထောင်ဒဏ်ကျခံနေရစဉ်အတွင်း ထောင်ထဲကနေပြီး မိုဘိုင်းဖုန်းနဲ့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
အာဏာပိုင်တွေဟာ ထောင်ထဲက သိမ်းဆည်းရမိတဲ့ ဖုန်းတွေအတွင်း အမ်ဘာပေ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အနုပညာရှင်တွေရဲ့ နေရပ်လိပ်စာတွေကို တွေ့ရှိခဲ့ကြပါတယ်။
ကြံစည်သူ လူငယ်ကတော့ သူဟာ ကြိုးကိုင်သူမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေကတော့ စုံစမ်းစစ်ဆေးမှု ဆက်လုပ်ဖို့ သူ့ကို သီးသန့်အကျဉ်းထောင်မှာ ဆက်လက် ထိန်းသိမ်းထားပါတယ်။











