
တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်သူ ခေါင်းဆောင် မော်စီတုန်းကို 'အာဏာရှင်' လို့ ရည်ညွှန်း ပြောဆိုခဲ့တဲ့ ပြင်သစ်ဘောလုံးကြယ်ပွင့် အမ်ဘာပေကို တရုတ်ကုမ္ပဏီတွေက ကြော်ငြာ စာချုပ် ဖျက်သိမ်းလိုက်ပါတယ်။
ပြင်သစ်ဘောလုံးကြယ်ပွင့် ခီလီယံ အမ်ဘာပေရဲ့ မျက်နှာကို တရုတ်နိုင်ငံတဝန်း မြေအောက် ရထားဘူတာတွေကနေ ဓာတ်လှေကားတွေအထိ စီးပွားရေး ကြော်ငြာတွေမှာ တွေ့မြင် နေရလေ့ရှိတာပါ။
လက်ရှိမှာတော့ တရုတ်ကွန်မြူနစ် ခေါင်းဆောင် မော်စီတုန်းကို 'အာဏာရှင်' လို့ ရည်ညွှန်း ပြောဆိုခဲ့ပြီးနောက် အနည်းဆုံး တရုတ်ကုမ္ပဏီ ၃ ခုက ပြင်သစ်အသင်းခေါင်းဆောင် အမ်ဘာပေနဲ့ စာချုပ်တွေ ရုပ်သိမ်းလိုက်ကြတာပါ။
အဖျော်ယမကာထုတ်လုပ်ရေး လုပ်ငန်းဖြစ်တဲ့ Dongpeng ၊ နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီကြီး Mengniu နဲ့ ဒိန်ခဲထုတ်လုပ်ရေး Milkground တို့ဟာ "အမျိုးသားရေးစိတ်ဓာတ်ကို ထိခိုက်စေတဲ့ ဘယ်လိုပြောဆိုပြုမူမှုမျိုးကိုမဆို ဆန့်ကျင်တယ်" လို့ အလားတူ ရေးသားထားတဲ့ ထုတ်ပြန်ချက်တွေကို အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပြီး အမ်ဘာပေနဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်တွေကို ရုပ်သိမ်းလိုက်ကြောင်း အသီးသီး ကြေညာခဲ့ကြတာပါ။
ဘလွန်းဒီအောဆုပေးပွဲ မတိုင်မီ ပြင်သစ်အွန်လိုင်း စကားဝိုင်းအစီအစဉ် “The Bridge” အတွက် မေးမြန်းစဉ် အမ်ဘာပေရဲ့ အင်တာဗျူး ရုပ်သံဖိုင်တိုတခု X လူမှုကွန်ရက် ပေါ်မှာ ပျံ့နှံ့ လာခဲ့ပြီးနောက်မှာ အခုလို ကြေညာချက်တွေ ထွက်ပေါ်လာတာပါ။
အဆိုပါ ရုပ်သံထဲမှာ အမ်ဘာပေကို သူ့ရဲ့ အကြိုက်ဆုံး Meme ပုံစံအကြောင်း မေးမြန်းခဲ့ရာမှာ၊ အမ်ဘာပေက "လူတယောက်လုပ်ထားတဲ့ ဗီဒီယိုတခုပေါ့... သူက တရုတ်အာဏာရှင်တယောက် ဖြစ်မယ်ထင်တယ်"လို့ ပြန်လည်ဖြေကြားခဲ့ပြီး မော်စီတုန်းရဲ့ အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ ခန္ဓာကိုယ်ပေါ်မှာ အမ်ဘာပေရဲ့ မျက်နှာကို ပြင်ဆင်စွပ်ထားတဲ့ ပုံရိပ် ထွက်ပေါ်လာခဲ့ပါတယ်။
အွန်လိုင်းဘောလုံးပရိသတ်တွေကတော့ အသင်းဖော်တွေနဲ့ အသင်းအပေါ် လွှမ်းမိုးမှုကြီးလေ့ရှိတဲ့ အမ်ဘာပေကို နောက်ပြောင်တဲ့အနေနဲ့ 'အာဏာရှင်' လို့ ခေါ်ဆိုလေ့ရှိကြပြီး၊ သူ့ကို မော်စီတုန်း ဒါမှမဟုတ် တခြားအာဏာရှင် ခေါင်းဆောင်ပုံစံနဲ့ ပြုလုပ်ထားတဲ့ Meme တွေဟာ အွန်လိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေတာပါ။
ဒီအငြင်းပွားမှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂေါ်ကျားခွန်းက "တရုတ်ပြည်သူတွေရဲ့ ခံစားချက်ကို ထိခိုက်စေတဲ့ ပြောဆိုပြုမူမှုတွေဟာ တရုတ်လူ့အဖွဲ့အစည်း အသီးသီးကပူးပေါင်းဆန့်ကျင်မှုနဲ့ သဘာဝအတိုင်း ရင်ဆိုင်ရမှာဖြစ်တယ်" လို့ တုံ့ပြန်ပြောပါတယ်။
လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ RedNote ကလည်း ဝေဖန်မှုမှာ ပါဝင်လာခဲ့ပြီး၊ အမ်ဘာပေနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ကုန်ဆုံးခဲ့ပြီးဖြစ်ကာ ဆက်စပ် ကြော်ငြာပစ္စည်းတွေကို ဖယ်ရှားသွားမှာဖြစ်ကြောင်း သီးခြားထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် အမျိုးသားရေးစိတ်ဓာတ်ကို ထိခိုက်စေတဲ့ ဘယ်လို ပြုမူဆောင်ရွက်မှုကိုမဆို ဆန့်ကျင်ကြောင်း လည်း ဖော်ပြထားပါတယ်။
အင်္ဂါနေ့မှာတော့ RedNote ပေါ်ရှိ အမ်ဘာပေရဲ့ အကောင့်မှာ Follower အသစ်တွေ လက်မခံတော့ပါဘူး။
အမ်ဘာပေဟာ တရုတ်နိုင်ငံမှာ ဓာတ်ဆားသောက်ရေကနေ နို့နဲ့ ဒိန်ခဲအထိ ထုတ်ကုန်တွေရဲ့ ကြော်ငြာတွေမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ Dongpeng အတွက် ကြော်ငြာတခုမှာ အမ်ဘာပေက တရုတ်ဘာသာနဲ့ ဆောင်ပုဒ်ကို ပြောကြားခဲ့ပြီး Mengniu ကြော်ငြာမှာတော့ အာဂျင်တီးနား ဘောလုံးစူပါစတား လီယိုနယ် မက်ဆီနဲ့ အတူ ပါဝင်ခဲ့တာပါ။
တရုတ်လူမှုကွန်ရက်ပေါ်မှာတော့ ဘောလုံးကြယ်ပွင့် အမ်ဘာပေကို ဝေဖန်တဲ့ မှတ်ချက်တွေ များအပြား ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။
ဘောလုံးပရိသတ်တွေ အမ်ဘာပေကို သပိတ်မှောက်ကြဆိုတာလည်း ရေပန်းစားနေပြီး တချို့အသုံးပြုသူတွေက သူ့ရဲ့ပြောဆိုမှုအပေါ် ဒေါသထွက်ကြောင်း ဖော်ပြကြသလို တရုတ်နိုင်ငံကို လုံးဝမလာဖို့လည်း ပြောဆိုနေကြပါတယ်။
Source: AP











