
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ ဝက်ကြီးအင်း အမှတ် ၇ ရပ်ကွက်က Cheri land River House ဟိုတယ်မှာ လာရောက်တည်းခိုသူ အမျိုးသား ၅ ယောက် ရိုက်နှက်ခံရပြီး ၁ ယောက်သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
နိုဝင်ဘာ ၃ ရက် ည ၁၁ နာရီဝန်းကျင်လောက်က မြစ်ဘေးမှာ အရက်သောက် သီချင်းအော်ဆိုပြီး ဟိုတယ်အခန်းထဲ ဝင်လာတဲ့ အမျိုးသားတွေကို ဟိုတယ်ဝန်ထမ်းတွေက ဝိုင်းရိုက်ခဲ့ကြတာပါ။
ရိုက်နှက်ခံရလို့ ညာခြေကျိုး၊ ခေါင်းကြေမွပြင်းထန်ဒဏ်ရာနဲ့ သေဆုံးသွားသူဟာ ရန်ကုန်၊ လှိုင်သာယာမြို့နယ်နေ အသက် ၂၅ နှစ်အရွယ် ကိုရဲထက်နိုင်ဖြစ်ပြီး နိုဝင်ဘာ ၆ ရက် မနက်အစောပိုင်း ၁၂ နာရီခွဲမှာ မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။
လူမှုကူညီရေးအသင်းဝင်တယောက်က “ကျနော်တို့ မျက်မြင်ပေါ့၊ တဦးက အဲ့ဒီကတည်းက သတိလုံးဝ မလည်တော့တာ။ ညောင်ဦးဆေးရုံကမနိုင်တော့ မန္တလေးဆေးရုံကြီးပဲ လွှဲလိုက်တယ်။ သူက ခြေထောက်တချောင်းလုံး ၂ ပိုင်း ၃ ပိုင်းလောက် ကျိုးထားတာ။ ခေါင်းက မွနေပြီ။ ကျန် ၄ ဦးမှာ ၃ ဦး စိုးရိမ်ရဒဏ်ရာ”လို့ ပြောပါတယ်။
ကိုရဲထက်နိုင်နဲ့အတူ ရိုက်နှက်ခံရတဲ့ ကိုဝေယံထွန်းကတော့ ခေါင်းပေါက်ပြဲဒဏ်ရာ ၄ ချက်၊ ကိုထက်လွင်အောင်က ခေါင်းထိခိုက်ဒဏ်ရာ ၇ ချက်နဲ့ ပွန်းပဲ့ဒဏ်ရာ၊ ကိုမင်းခန့်ဟိန်းမှာ ခေါင်းထိခိုက်ဒဏ်ရာ ၁၆ ချက်(စိုးရိမ်ရလူနာ)၊ ကိုဇော်မင်းထွန်းမှာ ခေါင်းထိခိုက်ဒဏ်ရာ ၂၅ ချက်ထက် မနည်းရရှိထားလို့ စိုးရိမ်ရအတွင်းလူနာဖြစ်ခဲ့ပါတယ်။
သေဆုံးသူအပါအဝင် အမျိုးသား ၇ ယောက်ဟာ နိုဝင်ဘာ ၂ ရက်ကတည်းက အဆိုပါဟိုတယ်မှာ တည်းခိုနေခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၃ ရက် ညနေပိုင်းက ဟိုတယ်ဝင်းထဲမှာ ဘလူးတုဘောက်နဲ့ သီချင်းဖွင့်ထားပြီး အရက်သောက်ရာမှ ဟိုတယ်ဝန်ထမ်းတွေနဲ့ အချင်းများခဲ့ရာကနေ လူသတ်မှုအထိ ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။
အရိုက်ခံရသူရဲ့ မိသားစုနဲ့နီးစပ်သူတဦးက “အားလုံး ၇ ယောက်။ ၅ ယောက်က အခန်း အရင်ဝင်တာ။ အဝမှာ ဝိုင်းရိုက်တာ။ ၂ ယောက်က ပစ္စည်းသိမ်းနေရင်း အသံကြားလို့ တက်လာတော့ ဝိုင်းအရိုက်ခံနေရတာ မြင်လို့ တောင်းပန်တာ။ မရဘူး။ သူတို့ကိုပါ ရိုက်ဖို့ လိုက်လာလို့ ပြေးရင်း တယောက်က ဝက်ကြီးအင်းကနေ ညောင်ဦးရဲစခန်းရောက်သွားတာ။ ရဲတွေ လာမှ အခန်းထဲက ထုတ်ပေးတယ်။ လက်စဖျောက်ဖို့အထိ လုပ်ကြတာ”လို့ ပြောပါတယ်။
လူသေဆုံးမှုဖြစ်စဉ်ဟာ လူမှုကွန်ရက်မှာ ဝေဖန်မှုမြင့်တက်လာပြီးနောက် နိုဝင်ဘာ ၆ ရက်မှာပဲ Cheri land River House ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဖျက်သွားသလို ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်တွေကအစ ပိတ်သိမ်းသွားပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ညောင်ဦးမြို့မရဲတပ်ဖွဲ့ဝင်တွေက ဟိုတယ်မန်နေဂျာနဲ့ ဝန်ထမ်း ၄ ယောက်၊ ညောင်ဦးမြို့ခံ ၂ ယောက် စုစုပေါင်း အမျိုးသား ၆ ယောက်ကိုကို ညောင်ဦးမြို့မရဲစခန်း အချုပ်မှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။