
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဓာတ်ဆီဈေး တလီတာကို ကျပ် ၂,၀၀၀ ဝန်းကျင် ထပ်မံ မြင့်တက်လာတယ်လို့ ဒေသခံတွေက သြဂုတ် ၅ ရက်မှာ ပြောပါတယ်။
ဇူလိုင်လ တတိယအပတ်ကစပြီး ဓာတ်ဆီ တလီတာကို ကျပ် ၈,၀၀၀ ကနေ ၁၀,၀၀၀ အထိ မြင့်တက်လာခဲ့ပြီး သြဂုတ်လအစမှာတော့ တလီတာကို ကျပ် ၁၁,၀၀၀ကနေ ၁၂,၀၀၀ အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
ဒေသခံ အမျိုးသားသမီးတယောက်က “ဆီစျေးက အတက်ဘက်ပဲရှိတယ်၊ အခုဆို ၁၂,၀၀၀ ဖြစ်သွားပြီ။ သူတို့ဆီက ပေးမတင်တာလား၊ လမ်းပျက်လို့လားတော့ မပြောတတ်ဘူး။ ဈေးကတော့ ၁၂,၀၀၀ တော့ဖြစ်တယ်” လို့ ပြောပါတယ်။
မိုးရာသီကာလဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေနဲ့ ကုန်စည်စီးဆင်းမှု အခက်အခဲတွေကြောင့် ဆီဈေးတွေ မြင့်တက်လာတာလို့ သိရပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ ဆီဈေး ၁၂,၀၀၀ ကျပ် ဖြစ်ပေမဲ့ ဖရူဆိုမြို့နယ်ဘက်မှာ လမ်းခရီးအခက်အခဲကြောင့် ဆီဈေး ၁၅,၀၀၀ ကျပ်ဝန်းကျင်ထိ မြင့်တက်တာလည်း ရှိတယ်လို့ သိရပါတယ်။
ဆီဈေးမြင့်တက်မှုကြောင့် ဒေသခံနဲ့ စစ်ရှောင်တွေ သွားလာရေး အခက်အခဲအပြင် ကုန်ဈေးနှုန်းမြင့်တက်တာ၊ တောင်ယာလုပ်ကိုင်ဖို့ ဆီဈေးမတတ်နိုင်တာ၊ စီးပွားရေးလုပ်ကိုင်ဖို့ ခက်ခဲတာတွေ ရှိနေတာပဲ ဖြစ်ပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၂ သိန်းနီးပါးအထိ နေထိုင်ကြပြီး စစ်ရှောင်ကာလ ကြာမြင့်လာတာကြောင့် စားဝတ်နေရေး အခက်အခဲတွေလည်း ကြုံတွေ့ရတာတွေ ရှိနေပါတယ်။










