
စစ်မှုထမ်း ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသူတွေကို ပြည်တွင်းက ဌာနဆိုင်ရာရုံးတွေမှာ အစိုးရဝန်ထမ်းအဖြစ် ခန့်ပေးသွားမယ်လို့ စစ်အာဏာရှင်ခန့် အလုပ်သမားဒုဝန်ကြီး ဦးမောင်မောင်သန်းက ပြောပါတယ်။
မေ ၇ ရက် မနက်က နေပြည်တော် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ တာဝန်ကျေပွန်ပြီးတဲ့ စစ်မှုထမ်းများ အလုပ်ကိုင်ချိတ်ဆက်ပေးရေး ညှိနှိုင်းအစည်းအဝေးမှာ ဒုဝန်ကြီးက ပြောဆိုခဲ့တာပါ။
“တာဝန်ကျေပွန်ပြီးတဲ့ စစ်မှုထမ်းများကို ၎င်းတို့ဆန္ဒပြုတဲ့ ဌာနဆိုင်ရာရုံးတွေမှာ ခန့်အပ်ပေးဖို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့နဲ့ ချိတ်ဆက်ကာ ဆောင်ရွက်ပေးသွားဖို့လိုပြီး လုပ်ငန်းကော်မတီဝင်များအနေဖြင့်လည်း စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်လိုတဲ့သူတွေအတွက် သက်ဆိုင်ရာလုပ်ငန်းရှင်၊ စက်မှုဇုန်ကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်နေတယ်။”
စစ်မှုထမ်းတွေအနေနဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်ရဖို့ဖြစ်နိုင်ပေမဲ့ သတ်မှတ်ပညာအရည်အချင်း မရှိသူတွေအနေနဲ့ ဌာနဆိုင်ရာရုံးတွေမှာ အလုပ်ရဖို့မဖြစ်နိုင်ကြောင်း Non CDM ဝန်ထမ်းတယောက်က ထောက်ပြပြောဆိုပါတယ်။
"ပစ တွေအနေနဲ့ စက်ရုံတွေ ကုမ္ပဏီတွေ အလုပ်ရဖို့ လွယ်တယ်။ အစိုးရဝန်ထမ်းအဖြစ်ကျတော့ မလွယ်ဘူး။ ဘွဲ့ရဆိုရင်တော့ တမျိုးပေါ့။ ၅ တန်း၊ ၆ လောက်ပဲ ကျောင်းနေခဲ့တဲ့သူတွေအနေနဲ့ အစိုးရ ဝန်ထမ်းမခန့်ဘူး။ ရုံးအကူတောင် အနိမ့်ဆုံး ၁၂ တန်းအောင်ခန့်တာ။ အဲ့ကနေ အဝေးသင်တက် ဘွဲ့ရမှ ပါမစ်နစ်ခန့်တာ။”
စစ်အာဏာရှင်က ၂ နှစ် စစ်မှုထမ်းပြီးရင် ပြည်တွင်းပြည်ပ အလုပ်အကိုင်ရရှိရေးအတွက် ကူညီပေးမယ်လို့ ပြောပေမဲ့ တကယ်တမ်းလက်တွေ့မှာ အလုပ်မရတာကြောင့် ကြုံရာလုပ်နေသူတွေ ရှေကြောင်း လှည်းကူးမြိုခံတယောက်က DVB ကို ပြောပါတယ်။
“လှည်းကူးမှာ စစ်မှုထမ်း ၂ နှစ်ပြည့်ပြီး မသေလို့ ပြန်လာတဲ့ ကလေးတွေရှိတယ်။ အပိုပြောတာ၊ ဘယ်သူမှ အလုပ်မပေးဘူး။ တချို့ကလေးတွေဆို ပန်းရံလူကြမ်းလိုက်လုပ်နေတယ်။”
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က ဇူလိုင် ၈ ရက်က စစ်စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူတွေ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီကို စစ်အာဏာရှင်က ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၄ ခု ဖေဖော်ဝါရီ ၁၀ မှာ ဥပဒေထုတ်ပြန်ခဲ့ပြီး မတ် ၃၀ ရက်မှာ စစ်မှုထမ်းအပတ်စဥ် ၁ ကို စတင်ခေါ်ယူခဲ့ရာ အခုဆို စစ်မှုထမ်းအပတ်စဥ် ၂၅ အထိ ရောက်ပြီဖြစ်ပါတယ်။










