DVB Logo
Home
မြန်မာသတင်း
PV ပတ်စ်ပို့ သက်တမ်းတိုး ပိုမိုတင်းကျပ်သည့်အပေါ်  ထိုင်းရောက်မြန်မာများ စိုးရိမ်
DVB
·
August 20, 2026
Photo : DVB
Photo : DVB
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စစ်အာဏာရှင်သံရုံးက  PV နိုင်ငံကူးလက်မှတ်ပတ်စ်ပို့ အမျိုးအစား သက်တမ်းတိုးပြောင်းလဲလိုပါက နေပြည်တော်ကို စာတင်ပြီး ၂ လအကြာ ခွင့်ပြုချက်ရမှ ဆက်လက် လုပ်ဆောင်မယ်လို့ ကြေညာထားလို့ ထိုင်းရောက် မြန်မာတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

သံရုံးမှာ ပတ်စ်ပို့ သက်တမ်းတိုးတာနဲ့ ပတ်သက်လို့ PV (အလည်အပတ် ပတ်စ်ပို့) စာအုပ် သက်တမ်းတိုး လဲလှယ်တာကို အရင်လို တိုက်ရိုက် မလုပ်ဆောင်ပေးတော့ဘဲ  နေပြည်တော်ကို လျှောက်လွှာတင်ပြီး ခွင့်ပြုချက်ရမှသာ ဆက်လက် လုပ်ဆောင်ပေးတော့မယ်လို့  ပတ်စ်ပို့ အကျိုးဆောင်တွေဆီက သိရပါတယ်။

PV ကနေ PJ (အလုပ်အကိုင် ပတ်စ်ပို့)၊ PE (ပညာရေး ပတ်စ်ပို့) ၊ PT (မှီခို) စတဲ့ ပတ်စ်ပို့အမျိုးအစား ပြောင်းလဲလျှောက်ထားသူတွေဟာ နေပြည်တော်က ခွင့်ပြုချက်ကို စောင့်ရမှာဖြစ်ပါတယ်။

အခုလို တင်းကျပ်လိုက်တာဟာ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ခဲ့ကြတဲ့ CDM လှုပ်ရှားသူတွေ၊ နိုင်ငံရေးမှာ ပါဝင်သူတွေကို ပတ်စ်ပို့ လုပ်ရ ခက်ခဲအောင် ကန့်သတ်လိုက်တာလို့လည်း ဆိုပါတယ်။

ဘန်ကောက်မြို့က ပတ်စ်ပို့အကျိုးဆောင်ကတယောက်က “PV တွေက စာတင်ပြီးတော့ ၂ လလောက်နေပြီးတော့ နေပြည်တော်စစ်ပြီးမှ ပြန်ချမယ်လို့ ပြောတာ။ အရင် CI နဲ့ PJ လဲသလိုမျိုး နေပြည်တော် စစ်ပြီးမှ ပြန်ချတော့မှာတဲ့ PV က။ မြန်မာပြည်မှာ ပြန်စစ်ရမယ်။ သူတို့ဆီကို စာတင်ပေါ့ စာတင်ပြီးတော့ စာကျလာပြီ နာမည်စာရင်း ကျလာတော့မှ လဲရမယ်။ အနည်းဆုံး ၂ လလောက် စောင့်ရမယ်။ အဲ့အခါကျတော့ အဲ့လိုမျိုး Blacklist ရှိတဲ့သူတွေ မကျလာတော့ဘူး။ လဲခွင့်မပေးတော့ဘူးပေါ့။ အခုနောက်ပိုင်းက မြန်မာပြည်ကနေပြီးတော့ PV နဲ့ အလည် ထွက်လာပြီးတော့ ဒီမှာ ဘတ်ရိုက်ပြီးတော့ ဗီဇာတုံးထုတာလေ။ အဲ့လိုမျိုး ဝင်လာတဲ့သူတွေ ရှိတော့ နိုင်ငံရေးသမားတွေ ပါလာရင် ပြန်စစ်ချင်လို့နေမှာပေါ့။ သံရုံးမှာ Blacklist စာရင်း ဝင်နေတဲ့သူတွေကို မလဲပေးဘူးလေ”လို့ ပြောပါတယ်။

လက်ရှိလုပ်ထုံးလုပ်နည်းအရ လျှောက်လွှာတင်ပြီးနောက် နေပြည်တော်က ခွင့်ပြုချက် ရရှိတဲ့ အချိန်မှသာ သံရုံးမှာ ပတ်စ်ပို့သက်တမ်း တိုးတာနဲ့ စာအုပ်လဲလှယ်တာကို ဆက်လက် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ 

လျှောက်ထားသူတွေကိုတော့ လျှောက်လွှာတင်ပြီး ၂ လအကြာ ပြန်လာစုံစမ်းဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။

ချင်းမိုင်တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသားတယောက်က “ကျနော် ဒီသတင်းကို ကြားလိုက်ရပြီးတဲ့အခါမှာတော့ ကျောင်းမပြီးဘဲနဲ့ ပြန်သွားရမှာ စိတ်ပူပါတယ်။ ပြီးတော့ ကျနော်ကလည်း ရန်ကုန်မှာ စစ်မှုထမ်း နာမည်စာရင်း ထွက်ထားတာဖြစ်လို့ တကယ်လို့ ပြန်သွားရင်တောင်မှပဲ အဲ့ထဲဝင်ရမလား၊ ထွက်ရမလားဆိုတာ မလုံခြုံဘူးပေါ့နော်။ နောက်ပြီးကျတော့ ကျနော်က သွေးနှောဖြစ်နေတဲ့အခါကျတော့ အဓိက ပတ်စပို့လုပ်တုန်းကလည်း ပုံမှန်ထက် အချိန်ကြာခဲ့တယ်၊ နောက်ထပ် ပတ်စပို့ ပြောင်းရင်လည်း ပုံမှန်ထက် အချိန်ကြာမလား စိုးရိမ်စိတ်တော့ ရှိပါတယ်။ သွေးနှောဖြစ်တဲ့အတွက်ကြောင့် PV ကို PE ပြောင်းတဲ့အခါမှာလည်း ပိုပြီးတော့ လိုအပ်ချက်တွေ requirement အခက်အခဲတွေ များမလားလို့ စိတ်ပူမိတယ်”လို့ ပြောပါတယ်။

PV နဲ့ ထိုင်းနိုင်ငံကို ဝင်ရောက်လာပြီး ဗီဇာပြောင်းလဲကာ အလုပ်လုပ်နေသူတွေကလည်း ပတ်စ်ပို့ အမျိုးအစား ပြောင်းလဲရာမှာ ကိုယ်ရေးအချက်အလက်တွေ ပေးရတဲ့အပေါ် စိုးရိမ်နေကြပါတယ်။ အထူးသဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် စစ်မှုထမ်း အသက် အကျုံးဝင်နေသူတွေကို ပြည်တွင်းမှာ စစ်မှုထမ်းခိုင်းမှာကိုလည်း စိုးရိမ်နေကြတာပါ။ 

ထိုင်းရောက် မြန်မာလုပ်သားတယောက်က “အဓိက ပြဿနာတက်မှာက ဘယ်သူတွေ တက်မှာလဲဆိုတော့ PV နဲ့ လာတယ်။ လာပြီးတော့မှ visa change သွားတယ်ပေါ့နော်။ visa change ပြီးတော့မှ PJ နဲ့ အလုပ်လုပ်နေတဲ့ လူငယ်တွေအတွက် PJ ပြောင်းဖို့အတွက် ဆိုလို့ရှိရင် ဒီလူငယ်တွေအတွက်က ပိုပြီးတော့ ခက်ခဲသွားနိုင်တယ်။ ဘယ်လိုအနေအထားနဲ့ပဲဖြစ်ဖြစ် ပွင့်လင်းပြောပြရမယ်ဆိုလို့ရှိရင် စစ်မှုထမ်းဖို့ စာရင်းပေးသလို ဖြစ်နေတယ်။ တင်ရမယ်ဆိုရင် ဒီအတိုင်း တင်လို့မရဘူးလေ။ အိမ်ထောင်စုစာရင်း တင်ရမယ်၊ သူဌေးက ဘယ်မှာလဲ၊ ဘယ်မှာ လုပ်နေတာလဲ၊ နေရပ်လိပ်စာတွေ ပါရမယ်၊ ကိုယ့်ရဲ့ မိသားစုရဲ့ နေရပ်လိပ်စာတွေကို တိုက်ရိုက်ပေးရတာတွေ ရှိမယ်၊ သူတို့က အထူးတလည် ရှာစရာမလိုတော့ဘူး၊ ဒါ ကိုယ်က သွားပေးရတဲ့ ပုံစံမျိုးပဲ”လို့ ပြောပါတယ်။

မြန်မာသံရုံးဘက်ကတော့ အခုလို လုပ်ထုံးလုပ်နည်း ပြောင်းလဲရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။ 

ဒါပေမဲ့ အခုလို နေပြည်တော်မှာ ကြိုတင်စိစစ်ခွင့်ပြုချက် ယူရတဲ့ လုပ်ငန်းစဉ်ကြောင့် ပတ်စ်ပို့ သက်တမ်းတိုးဖို့၊ အမျိုးအစားပြောင်းဖို့ လိုအပ်နေတဲ့ ပြည်ပရောက် မြန်မာတွေ လုပ်ငန်းစဉ် အချိန်ကြန့်ကြာတာ၊ ပတ်စ်ပို့ လုပ်မရမှာကို စိုးရိမ်နေကြပါတယ်။ 

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျပ်အတည်း၊ စီးပွားရေး ကျဆင်းတာ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ တိုင်းပြည် မလုံခြုံတာကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း နည်းလမ်းအမျိုးမျိုးနဲ့ ပြည်ပကို ထွက်ခွာတဲ့ လူငယ် ၁ သန်းထက် မနည်းရှိနေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ ၂၀၂၆ အစီရင်ခံစာ အရ သိရပါတယ်။

 ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013