
စင်ကာပူ အပါအဝင် ပြည်ပနိုင်ငံတချို့မှာ မြန်မာနိုင်ငံသားတွေရဲ့ PV ပတ်စ်ပို့ သက်တမ်းတိုးခွင့်ကို နေပြည်တော်က ခွင့်ပြုချက်ရမှ လုပ်ဆောင်ပေးမယ်လို့ စစ်အာဏာရှင် သံရုံးအသီးသီးက ထုတ်ပြန် တင်းကျပ်လိုက်တဲ့အပေါ် စင်ကာပူရောက်မြန်မာတွေ အချိန်မီ ပတ်စ်ပို့ သက်တမ်းတိုးမရမှာကို စိုးရိမ်နေကြပါတယ်။
စင်ကာပူနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ PV (အလည်အပတ် ပတ်စ်ပို့) ကနေ PJ (အလုပ်အကိုင်ပတ်စ်ပို့) အဖြစ် ပြောင်းလဲ သက်တမ်းတိုးမဲ့သူတွေအနေနဲ့ နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိမှသာ ဆက်လက်လုပ်ဆောင်ပေးမယ်လို့ စင်ကာပူရှိ မြန်မာသံရုံးက ဩဂုတ်လ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
စင်ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာအများစုဟာ PV ပတ်စ်ပို့နဲ့ ရောက်ရှိနေသူ များပြားတာကြောင့် အခုလို သက်တမ်းတိုးမှု ဆိုင်းငံ့ပြီး နေပြည်တော် စာတင်ဖို့ ထုတ်ပြန်ချက်ဟာ PV နဲ့ အလုပ် လုပ်ကိုင်ကြသူတွေအတွက် အချိန်မီ ပတ်စ်ပို့ သက်တမ်းတိုးမရကို စိုးရိမ်နေကြတယ်လို့ ကိုယ်တိုင် ကြုံရသူတွေက ပြောပါတယ်။
စင်ကာပူနိုင်ငံရောက် PV ပတ်စ်ပို့ ကိုင်ထားသူတယောက်က “အခက်အခဲတွေကတော့ အများကြီးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီ စင်ကာပူနိုင်ငံမှာ တော်တော်များများ အလုပ်လာလုပ်တဲ့ ၇၀ ရာခိုင်နှုန်းလောက်က PV သမားတွေ များတယ်။ PJ ကကျတော့ အမျိုးသားတွေပဲ PJ နဲ့ အလုပ်လုပ်ကြတာများတယ်။ မိန်းကလေးတွေဆိုရင် ဒီနိုင်ငံမှာ လာလုပ်တဲ့သူ အကုန်လုံးက PV တွေချည်းပဲ။ ဘာလို့ PV တွေ များလဲဆိုတော့ အခု ပိုဆိုးတာပေါ့။ PJ နဲ့ လာအလုပ် လုပ်မယ်ဆိုရင် OWIC ကတ်လိုတယ်။ OWIC ကတ် ရဖို့က နေပြည်တော်ကို လျှောက်ပြီးမှ OWIC ကတ်ရတာ ဖြစ်တဲ့အတွက် တော်တော်များများက PV နဲ့ပဲ လာကြတာ။ အခုကျတော့ PV စာအုပ် သက်တမ်းတိုးဖို့ နေပြည်တော်လည်း တင်ရမယ်၊ ၂ လလောက် ထပ်စောင့်ရမယ်ဆိုတော့ ရုတ်ရုတ်သဲသဲ ဖြစ်နေတာ အမှန်ပဲ။ အခု ဒီမှာ တော်တော်များများပေါ့။ သူက QR code ယူထားပြီးသားသူတွေ အကုန်လုံးကိုလည်း ပြန်လွှတ်တာ။ PJ တခုပဲ လောလောဆယ် သက်တမ်းတိုးလို့ရတယ်”လို့ ပြောပါတယ်။
PV ပတ်စ်ပို့နဲ့ ပြည်ပမှာ အလုပ်လုပ်နေသူတွေဟာ မြန်မာနိုင်ငံကနေ အလုပ်သမားအဖြစ် တရားဝင် ထွက်ခွာဖို့ လိုအပ်တဲ့ PJ နဲ့ OWIC လုပ်ငန်းစဉ်တွေ ကြန့်ကြာတာတွေကြောင့် အိုမန်နဲ့ စင်ကာပူလို နိုင်ငံတွေမှာ PV ပတ်စ်ပို့နဲ့ အများဆုံး လာရောက် လုပ်ကိုင်ကြတာဖြစ်ပြီး၊ လက်ရှိမှာတော့ PV သက်တမ်းတိုးခွင့်တွေပါ တင်းကျပ်လာတာ ဖြစ်ပါတယ်။
အလားတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှာလည်း ဩဂုတ် ၁၉ ရက်ကစပြီး PV ပတ်စ်ပို့ သက်တမ်းတိုးတာနဲ့ PV ကနေ တခြားပတ်စ်ပို့အမျိုးအစား ပြောင်းလဲတာတွေကို ပုံမှန်အတိုင်း မလုပ်ဆောင်ပေးတော့ဘဲ နေပြည်တော်ဘက်က ခွင့်ပြုချက်ကို စောင့်ဆိုင်းရတဲ့ အခြေအနေ ဖြစ်လာပါတယ်။
ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတယောက်က “အခုနောက်ပိုင်း ပြည်ပမှာ အလုပ်ထွက်လုပ်နေတဲ့သူတွေအပေါ် စိစစ်ပြီး ကြပ်မတ်လာတာ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတာပေါ့။ PJ ကို ကြပ်မတ်ရာကနေ အခုဆိုရင် PV အလှည့်အထိပါ ရောက်လာပြီးတော့ အကုန်လုံးကို ကျပ်လိုက်တဲ့ သဘောမျိုးပေါ့။ လက်ရှိ သူတို့ထုတ်ပြန်တဲ့အထဲမှာ သက်တမ်းတိုးခွင့် ချက်ချင်းပေးနိုင်မှာ မဟုတ်ဘဲ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ရရှိမှသာ ဆိုတာ ပိုသွားတာပေါ့။ ပြီးတော့ သူတို့ပြောတဲ့အထဲမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနဆိုတာ ဘယ်ဌာနလဲ ဆိုတာလည်း မသိသေးတဲ့အတွက် အဲ့ဒါကို ဆက်ပြီးတော့ စောင့်ကြည့်ဖို့လည်း လိုသေးတာပေါ့။ ပြည်ပမှာလည်း Business နဲ့ထွက်ပြီးတော့ အလုပ်လုပ်နေတဲ့သူတွေက အများကြီးရှိတာဆိုတော့ ဒီဟာကို သူတို့က အခွင့်အရေးတခုအနေနဲ့ အသုံးချလိုက်တဲ့ သဘောမျိုးပဲ”လို့ ပြောပါတယ်။
PV ပတ်စ်ပို့ သက်တမ်းတိုးမှု တင်းကျပ်လာတာဟာ ထိုင်းနဲ့ စင်ကာပူတင်မကဘဲ ဩစတြေးလျ၊ နယူးဇီလန်နဲ့ ပါပူအာနယူးဂီနီနိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေမှာလည်း PV သက်တမ်းတိုးပေးမှု ရပ်ဆိုင်းထားတာတွေ ရှိလာပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကနေ ပြည်ပထွက်ခွာသူ အရေအတွက် မြင့်တက်လာနေချိန်မှာ အခုလို နိုင်ငံကူးလက်မှတ်ဆိုင်ရာ စည်းမျဉ်းတွေ တင်းကျပ်လာတာပါ။
ကုလသမဂ္ဂ ဖွံဖြိုးမှု အစီအစဉ် (UNDP) ရဲ့ ၂၀၂၆ ခုနှစ် အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာလူငယ် အနည်းဆုံး ၁ သန်းလောက် ပြည်ပနိုင်ငံတွေဆီ ထွက်ခွာသွားတယ်လို့ ခန့်မှန်းထားပါတယ်။











