DVB Logo
Home
မြန်မာသတင်း
PV ပတ်စပို့ဖြင့် ပြည်ပထွက်ခွင့် ပိတ်ပင်ကြောင်း စစ်ကောင်စီ ထပ်မံကြေညာ
DVB
·
October 3, 2024
PV ပတ်စပို့ဖြင့် ပြည်ပထွက်ခွင့် ပိတ်ပင်ကြောင်း စစ်ကောင်စီ ထပ်မံကြေညာ
Donate to DVB

အလည်အပတ် PV အမျိုးအစား နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)  ကိုင်ဆောင်ထားတဲ့ လူငယ်တွေကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားပြီး  ပြည်ပမှာ အလုပ်လုပ်မှာကို ခွင့်မပြုတာကြောင့် ပြည်ပအလုပ်သမားအလုပ်အကိုင်သက်သေခံကတ် OWIC ကတ်တွေ လုပ်ဖို့ကို စစ်ကောင်စီက ထပ်မံကြေညာပါတယ်။

နိုင်ငံကူးလက်မှတ်မှာ အလည်ပတ်စပို့ PV( Passport for visit) နဲ့ ပြည်ပထွက်ခွာမယ့်လူငယ်တွေကို စစ်ကောင်စီက ပြည်ပထွက်ခွင့် ပိတ်ပင်ထားတယ်လို့ ကာယကံရှင်တွေဆီကနေ သိရပါတယ်။

PV ပတ်စ်ပို့နဲ့ အလုပ်သွားလုပ်မှာကို ခွင့်မပြုတာကြောင့် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် OWIC လုပ်ဖို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ အောက်တိုဘာ ၃ ရက်မှာ ထပ်မံကြေညာနေတာပါ။

အောက်တိုဘာ ၂ ရက်က ရန်ကုန်လေဆိပ်ကနေ ထိုင်းနိုင်ငံကို အလည်အပတ်ဗီဇာ TR ယူပြီး PV ပတ်စပို့နဲ့ ထွက်ခွာမယ့် လူငယ်တွေကို ပြန်လွှတ်နေကြောင်း ကိုယ်တိုင်ကြုံခဲ့ရတဲ့ လူငယ်အမျိုးသမီးတယောက်က ပြောပါတယ်။

“မနေ့က ထိုင်းနိုင်ငံကို PV ပတ်စပို့နဲ့ TR ဗီဇာယူပြီး ထွက်တာ ထွက်ခွင့်မရခဲ့ဘူး။ လဝကကိုဖြတ်တဲ့နေရာမှာ PV ဆိုတာနဲ့ကို ပေးမဖြတ်တော့တာ။ အဲဒီကိုမရောက်ခင် အဆင့်ဆင့်စစ်ဆေးခံခဲ့ရတာကို၊ ရဲတွေတောင် အဆင်ပြေပြီးမှ၊ လဝကပြောတာတော့ အလည်သွားမှာကို  ဘာလို့ TR လိုလဲဆိုပြီးပြောတယ်၊ သူငယ်ချင်းတွေနဲ့ သွားတွေ့မှာ သူတို့နဲ့နေမှာလို့ပြောတာကိုလည်း မဖြစ်နိုင်ဘူးဆိုပြီး၊ ရှင်းပြ ပြောပြလို့တောင်မရဘူး အတင်းဆွဲခေါ်သွားတာ အပြင်ကို၊ သူတို့ သတ်မှတ်ထားတဲ့အတိုင်း TR ဗီဇာယူပြီး ဟိုတယ်ဘိုကင်တွေရော အပြန်လေယာဉ် လက်မှတ်တွေပါ ဖြတ်ထားပြီးသားကို အခုတော့အကုန်ဆုံးတာပေါ့။”

စစ်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်တုန်းက အလည်အပတ် ပတ်စပို့ PV နဲ့ ပြည်ပထွက် အလုပ်လုပ်တာတွေ မလုပ်ဖို့ ပထမဆုံးအကြိမ် ကြေညာပြီးနောက် လေဆိပ်မှာ ပြည်ပထွက်ခွာသူတိုင်းကို တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

နေ့စဉ် အသက် ၁၈ ကနေ ၄၅ နှစ်အတွင်း လူငယ်တွေ ရာနဲ့ချီလေဆိပ်မှာပြန်လွှတ်ခံနေရပြီး ထွက်ခွာသူတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့လည်း သိရပါတယ်။

ပြည်ပထွက်ခွာခွင့် သတ်မှတ်ချက်တွေအားလုံးပြင်ဆင်ပြီးအခုလို တားမြစ်ပြန်လွှတ်ခံရ တာကြောင့် လူငယ်တွေ အနေနဲ့ ဆုံးရှံးမှုအများကြီးဖြစ်ရတယ်လို့ ပြည်ပခရီးသွားအေဂျင်စီတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ဘယ်နိုင်ငံကိုပဲသွားသွား သွားပြီး အလုပ်လုပ်ပြီး ပြန်မလာမှာစိုးတဲ့အတွက်ပေါ့နော် တကယ်တမ်း အလုပ်မလုပ်ဘဲ အလည်ပဲသွားတဲ့သူတွေကျတော့ အရမ်းပဲ နစ်နာတာပေါ့လေ။ အဲဒီလိုနစ်နာမှုတွေ ရှိလာတဲ့အတွက်လည်း သူတို့က ဘာမှ တာဝန်ယူမှုမရှိဘူး၊ အဲလိုင်းအနေနဲ့ကတည်း သူတို့ပြန်လွှတ်လို့ဆိုပြီး လေယာဉ် လက်မှတ်ဖိုးတွေ ပြန်ပေးတာမျိုးမရှိဘူး၊ ဒါဆိုတော့ အခုချိန်ထိ ဒီအကြောင်းအရာကို သူတို့ ဘယ်လိုများဖြေရှင်းမလဲဆိုတာ စောင့်ကြည့်နေကြဆဲပဲ PV ကို PJ အလုပ် လုပ်တဲ့ ပတ်စပို့ပြောင်းရမယ်ဆိုတော့ တကယ်အလုပ်မလုပ်ဘဲနဲ့ တချို့က ပြောင်းဖို့ မလွယ်ဘူးလေ။”

စစ်ကောင်စီရဲ့ ဒီတခေါက်ကြေညာချက်က ဒုတိယအကြိမ်ဖြစ်ပြီး ကြေညာချက်ထဲမှာတော့ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) နဲ့ ပြည်ပထွက်ဖို့ ကြိုးစားသူတွေဟာ သတ်မှတ်ချက်နဲ့ မကိုက်ညီလို့ လေဆိပ်ကနေ ထွက်ခွာခွင့်မရတာကြောင့် ကုန်ကျစရိတ်တွေ ဆုံးရှုံးနေရတာဖြစ်ပြီး ပြည်ပအလုပ်အကိုင် နိုင်ငံကူးလက်မှတ် PJ (Passport for Job)နဲ့ ပြည်ပ အလုပ်အကိုင်အလုပ်သမား သက်သေခံကတ် OWIC ကတ် လုပ်ပြီးမှသာ ထွက်ခွာဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက လူငယ်တွေရဲ့ ပြည်ပထွက်ခွာတဲ့ကိစ္စတွေမှာ တင်းကျပ်နေခဲ့တာဖြစ်ပါတယ်၊။ 

ဝေဝေ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013