DVB Logo
Home
မြန်မာသတင်း
လုပ်ငန်းရှင်ကြီးများကို ပြည်ပထွက်ခွင့် ပိတ်ထားသည့်ကိစ္စ စီးပွားရေးအသိုက်အဝန်းတွင် စိုးရိမ်မှု မြင့်တက်နေ
DVB
·
May 16, 2022
လုပ်ငန်းရှင်ကြီးများကို ပြည်ပထွက်ခွင့် ပိတ်ထားသည့်ကိစ္စ စီးပွားရေးအသိုက်အဝန်းတွင် စိုးရိမ်မှု မြင့်တက်နေ
Donate to DVB

စစ်ကောင်စီက ပြည်ပထွက်ခွာခွင့် ပိတ်ထားတဲ့ လျှို့ဝှက်စာရင်းထဲမှာ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊  ခရိုနီကြီးတွေ၊ စစ်တပ်နဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တွေလည်းပါဝင်နေပြီး ဒါနဲ့ ပတ်သက်လို့စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

စစ်ကောင်စီထံမှ ပေါက်ကြားလာတဲ့ လျှို့ဝှက်စာရင်းမှာ ပြည်ပထွက်ခွာခွင့်ကို ပိတ်ထားတဲ့ လူပုဂ္ဂိုလ် ၂၇ ဦးပါရှိတာဖြစ်ပြီး သူတို့ရဲ့ အမည်၊ ဇနီး  ခင်ပွန်းသည်တွေနဲ့ သားသမီး မိသားစုတွေကို လိပ်စာနဲ့တကွဖော်ပြထားတာဖြစ်ပါတယ်။

ဒီလျှို့ဝှက်စာရဲ့ မှန်ကန်မှုနဲ့ ပတ်သက်လို့တော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေမဲ့ ဒီကိစ္စ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းအကြားမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

ခရိုနီလုပ်ငန်းရှင်တွေနဲ့ နီးစပ်မှုရှိတဲ့ စီးပွားရေးသမားတဦးက “သူတို့ စွဲထားတဲ့ အမှုတွေက အဂတိ အမှုတွေနဲ့ဘဲ စွဲတာနော်။ အဲ့တော့ ကျနော်ထင်တယ်၊ ဖမ်းမယ်ဆိုရင် အကုန်လုံးတောင် ဖမ်းမလား မသိဘူး။ ဆိုတော့ ကျန်တဲ့ လုပ်ငန်းရှင်တွေလည်း ကြောက်တာပေါ့။ ဘာကြောင့်လဲဆို နာမည်ကြီးတဲ့ သူတွေကိုဘဲ အရင် စွဲနေတာလေ။ မကြာသေးခင်ကဘဲ ဦးချစ်ခိုင်ကို ပြည်ပက အပြန် ရန်ကုန်လေဆိပ်မှာ အဂတိနဲ့ အမှုတပ်ပြီး စွဲသွားနော်။ ပြီးတော့  ဦးအောင်ကိုဝင်း(ကမ္ဘောဇ) ရဲ့ သမီး ပြည်ပထွက်ဖို့ လုပ်နေတုန်း ရန်ကုန်လေဆိပ်မှာ တားဆီးခံလိုက်ရတယ်။ ဆိုတော့ အခု လျှို့ဝှက်ပေါက်ကြားလာတဲ့ ပြည်ပထွက်ခွာခွင့် ပိတ်ခံထားရတဲ့ စီးပွားရေးလုပ်ငန်းရှင်စာရင်း ထွက်လာတော့ အခြေအနေက ပိုဆိုးတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိအခြေအနေနဲ့ပတ်သတ်ပြီး စီးပွားရေးသုတေသီတဦးကတော့ “ခရိုနီဆိုတာကတော့ တကယ်တမ်းက အကောင်းမြင်စရာ အကြောင်းတော့ မရှိဘူးပေါ့။ ဒါပေမဲ့ သူတို့ကို ဖယ်ရှားဖို့ကလည်း မလွယ်ဘူးလေ။ သူတို့က ခိုင်ခိုင်မာမာ ရှိနေတာ။ ဒါကြောင့်ဘဲ NLD အစိုးရလက်ထက်မှာ အပြုသဘောဆောင်တဲ့ဘက်ကို ပြုပြင်ပြောင်းလဲပြီးတော့ လက်တွဲ ခေါ်ခဲ့တာဘဲ။ အခုလည်း ဒီအတိုင်းဘဲပေါ့။ ခရိုနီပဲ ပြောပြော ဘာပဲပြောပြော သူတို့က တိုင်းပြည်ရဲ့ အဓိက ကျတဲ့ ဒေါက်တိုင်ကြီးတွေလေ။ အဲ့တော့ သူတို့ရဲ့ အကျိုးစီးပွားကို လျှော့ပြီး တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက် လက်တွဲခေါ်သွားရမယ်လေ။ ဒါပေမဲ့ အခုက လက်တွဲ မခေါ်ဘဲ နဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေကလည်း အကျပ်အတည်း ဖြစ်နေတယ်။ စီးပွားရေးမှာလည်း အကျပ်အတည်း ဖြစ်နေတဲ့ အချိန်မှာ အခုလို လုပ်တာက တိုင်းပြည်အတွက် မကောင်းဘူး” လို့ စီးပွားရေးရှုထောင့်အမြင်အရ ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးကတော့ “စစ်ကောင်စီအနေနဲ့ ထိပ်တန်းလုပ်ငန်းရှင်တွေ အပါအဝင် စစ်တပ်ကျောထောက် နောက်ခံရှိတဲ့ လုပ်ငန်းရှင်တွေကို ပြည်ပထွက်ခွာခွင့် ပိတ်တာက အကြောင်းမဲ့တော့ မဖြစ်နိုင်ဘူး။  ဘာကြောင့်ဆို စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေ အပါအဝင် ရာထူးကြီးကြီး မားမားယူထားတဲ့သူတွေတောင် သူတို့ အသက် အန္တရာယ်က မလုံခြုံဘူးလေ။ ဒါကြောင့် သူက လက်ဦးမှု ရယူဖို့ အတွက်ကော မဖြစ်နိုင်ဘူးလားပေါ့၊ ကျနော် စဉ်းစားကြည့်တာ။ ဘာလို့လဲဆိုတော့ ခရိုနီ လူတန်းစား နဲ့ စစ်တပ်ကျောထောက် နောက်ခံရှိတဲ့ လုပ်ငန်းငန်းရှင်တွေက စစ်ကောင်စီဝင်ငွေအတွက် ရပေါက်ရလမ်းတွေနော်။ ဒီလူတွေကို သူ အဆုံးရှုံးခံပါ့မလား။ ဒါကြောင့် တဖက်လှည့်နဲ့ အကြောင်းပြပြီး ထိန်းသိမ်းထားတာကော မဖြစ်နိုင်ဘူးလား” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီထံမှ လျှို့ဝှက်ပေါက်ကြားလာတဲ့ ပြည်ပထွက်ခွာခွင့် ပိတ်ခံထားရတဲ့စာရင်းမှာ ဦးခင်ရွှေ(ဇေကမ္ဘာ)၊ ဦးအောင်ကိုဝင်း(ကမ္ဘောဇ)၊ ဦးဇော်ဇော်(မက်စ်)၊ ဦးတေဇ(ထူးထရေးဒင်း)၊ ဦးခင်မောင်အေး(CB ဘဏ်)၊ ဦးသိမ်းဝေ(ရိုးမဘဏ်)၊ ဦးဇော်ဝင်းရှိန်(ဧရာဟင်္သာ၊ A Bank)၊ ဦးချစ်ခိုင်(ဧဒင်၊ MAB ဘဏ်)၊ ဦးမောင်ဝိတ်၊ ဦးကျော်စွာမြင့်(ဂန္ဓာရီ၊ စီးပွားရေးအတိုင်ပင်ခံ)၊ ဦးဇင်မင်းအောင်(PT Power)၊ ဦးရှိန်ဝင်း(တက်လမ်း)၊ ဦးစိုင်းမျိုးဝင်း(EFD)၊ ဦးကျော်ဝင်း(ရွှေသံလွင်)၊ ဦးလှမျိုး(အောင်မြင်သူ)၊ ဦးနေထက်သိန်းနိုင်(ရိုးရိုးလေး)၊ ဦးတိုးနိုင်မန်း(သံလွင်ပညာရေး)၊ ဦးဌေးအောင်(Orchid Hotel)၊ ဦးဌေးမြင့်(ယုဇန)၊ မိုက်ကယ်မိုးမြင့် (Myint and Associates)၊ ဦးဝင်းအောင်(Dagon International )၊ ဒေါ်တင့်တင့်လွင်(Tint Tint ကုမ္ပဏီ )၊ ဒေါ်စန်းစန်းရီ(Super One)၊ ဦးအိုက်ထွန်း(ရွှေတောင်)၊ ဦးမြင့်ဇော်(ခ)ဟာဆန် (ငပလီ)၊ ဦးကျော်ဝင်း(ရွှေသံလွင်ကုမ္ပဏီ)၊ ဒေါ်ဝင်းဝင်းတင့်(Ocean) တို့ဘဲ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ခရိုနီတဦးဖြစ်တဲ့ ဦးခင်ရွှေ (ဇေကမ္ဘာ) နဲ့ သားဖြစ်သူ ဦးဇေသီဟတို့ကို ရှေးဟောင်းအဆောက်အဦ ဖျက်ဆီးမှုနဲ့ ဖမ်းဆီး အရေးယူထားတာ ရှိပါတယ်။

ဒါ့ပြင် ပြည်တွင်းက ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးတဦးဖြစ်တဲ့ ဦးချစ်ခိုင်နဲ့အတူ NLD အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးလည်းဖြစ်တဲ့ ဦးဝင်းခိုင်ကိုလည်း စစ်ကောင်စီက အဂတိမှုနဲ့ အမှုဖွင့်ပြီး အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013