
ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ် အမှတ် ၁၂ ရပ်ကွက်နဲ့ အတွင်းပဒံ ကျေးရွာမှာ မေ ၁၆ ရက်က အမျိုးသား ၂ ယောက် ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ မနက် ၈ နာရီက လှိုင်သာယာအနောက်ပိုင်းမြို့နယ် အမှတ် ၁၂ ရပ်ကွက် ပေါ်ဆန်းမွှေး ၄ လမ်းမှာ အသက် ၄၃ အရွယ် အမျိုးသားတယောက် ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ မြိုခံတယောက်က ပြောပါတယ်။
“မိန်းမအိမ်ပေါ်က ဆင်းသွားလို့ အရက်အလွန်အကျွံသောက်ပြီး မိမိကိုယ်ကိုယ် ဆွဲကြိုးချသေတာ။ မိန်းမအိမ်ပေါ်က ဆင်းသွားတယ်ဆိုတာလည်း အရက်အလွန်အကျွံသောက်တဲ့ ကိစ္စနဲ့ စကားများပြီး ဆင်းသွားတာ။”
အလားတူ မနေ့ နေ့လယ်ကလည်း လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ အတွင်းပဒံကျေးရွာ ခိုင်ရတနာလမ်းမှာ အသက် ၄၀ ကျော်အရွယ်အမျိုးသားတယောက် ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ မြိုခံတယောက်က ပြောပါတယ်။
“မိသားစု စားဝတ်နေရေး အဆင်မပြေတာရယ်၊ အလုပ်မရှိတာကြောင့် စိတ်ဓာတ်ကျပြီး မိမိကိုယ်ကိုယ် သတ်သေသွားတာ။”
သေဆုံးသူ ၂ ယောက်ကို လူမှုကူညီရေးအသင်းတွေက လှိုင်သာယာပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး သောင်ကြီးနယ်မြေရဲစခန်း သေမှုသေခင်းအရ စစ်ဆေးနေ ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အလယ်ကျေးရွာမှာ အသက် ၂၀ အရွယ်အမျိုးသမီးတယောက် ဆွဲကြိုးချသတ်သေခဲ့ပါတယ်။
၂၀၂၅ ခုနှစ်က ရန်ကုန်တိုင်း မြောက်ဒဂုံ၊ တောင်ဒဂုံ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းနဲ့ မင်္ဂလာတောင်ညွန့်မြို့ နယ်တို့မှာ ဆွဲကြိုးချသေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။










