DVB Logo
Home
မြန်မာသတင်း
အဓမ္မစစ်မှုထမ်း ပေါ်တာဆွဲမှုကြောင့် ရန်ကုန်က လူငယ်များ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေ  
DVB
·
August 1, 2026
Photo : DVB
Photo : DVB
Donate to DVB

ရန်ကုန်မြို့မှာ အဓမ္မစစ်မှုထမ်းခိုင်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ များလာတာကြောင့် လုံခြုံရေး အပြင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါ ကြုံနေရတယ်လို့ မြို့ခံလူငယ်တွေက ပြောပါတယ်။

ရန်ကုန်မြို့မှာ သင်တန်းတက်နေတဲ့ အသက် ၂၀ ကျော်အရွယ် လူငယ်တယောက်က " အခုက ဘယ်သွားသွား မလုံခြုံဘူး။ မြို့တွင်း လူစည်တဲ့ နေရာတွေလည်း လုံခြုံတယ် မထင်နဲ့။ အခုနောက်ပိုင်း ဘယ်လိုဖြစ်နေလဲဆိုတော့ ဘတ်စ်ကားစောင့်နေရင်း ဖုန်းတောင် သိပ်မသုံးရဲ တော့ဘူး။ ပတ်ဝန်းကျင်ကို သတိထားနေရတာ။ ကိုယ်စောင့်နေတဲ့နား ကားလာရပ်ရင်လည်း လန့်နေ ရတယ်။ လမ်းသွားရင်းနဲ့လည်း ရှေ့ကနေ ကားပိတ်ရပ်ပြီး ဆွဲခေါ်ခံရတဲ့သူတွေလည်း မနည်းတော့ဘူးလေ" လို့ ပြောပါတယ်။

ဒီနှစ်ဆန်းပိုင်းကစပြီး ရန်ကုန်မြို့မှာ အဓမ္မဖမ်းဆီးမှုတွေ များလာတာ၊ လူပျောက်ဆုံးမှုတွေ များလာတာတွေကြောင့် လူငယ်တွေကြား စိုးရိမ်မှု မြင့်တက်လာနေတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။

မြို့တွင်းမှာ သွားလာနေတဲ့ လူငယ်တွေ၊ ဘတ်စ်ကားစောင့်နေသူတွေကို နေ့ဘက်မှာ ဖမ်းဆီးတာ ရှိသလို ညဘက်မှာလည်း ဧည့်စာရင်းစစ်ရင်း ဖမ်းခေါ်တာ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် စစ်မှုထမ်းစာရင်းနဲ့ လာရောက် ခေါ်ဆောင်တာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု၊ စိုးရိမ်မှုတွေ ကြုံနေရတယ်လို့ လူငယ်တချို့က ပြောပါတယ်။

တာမွေမြို့နယ်မှာ နေထိုင်တဲ့ ကုမ္ပဏီဝန်ထမ်း လူငယ်ယောက်က "ညဘက် အိပ်ချိန်လည်း ကားရပ်သံကြားရင် ဧည့်စာရင်း လာစစ်တာလား ဆိုတာမျိုး ထွက်ကြည့်ရတယ်။ စိုးရိမ်ပြီး အိပ်မပျော်ဘူး။ အိပ်ပျော်နေရင်လည်း ပေါ်တာဆွဲခံရတယ်၊ စစ်မှုထမ်း အခေါ်ခံရတယ်ဆိုပြီး အိမ်မက်ဆိုးတွေ မက်ပြီး လန့်လန့် နိုးနေတာ။ အပြင်သွားလည်း လုံခြုံတယ်လို့ မခံစားရဘူး။ အမြဲတမ်း စိုးရိမ်ပြီး လန့်နေတော့တာ" လို့ ပြောပါတယ်။

စစ်အာဏာရှင်လက်အောက်ခံ အာဏာပိုင်တွေဟာ ရန်ကုန်အပါအဝင် နိုင်ငံတဝန်းက မြို့ကြီးတွေ၊ နယ်မြို့တွေနဲ့ အဓိကလမ်းမကြီးတွေပေါ်မှာ စစ်မှုထမ်းအသက် အကျုံးဝင်တဲ့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲ ဖမ်းဆီးနေတာ ကြာပါပြီ။

ရန်ကုန်မြို့ခံတွေကတော့ စစ်မှုထမ်းအသက် အကျုံးဝင်တဲ့ မိသားစုဝင်တွေ၊ လူငယ်တွေကို ညဘက် အပြင်ထွက် သွားလာတာတွေ ရှောင်ဖို့၊ လူပြတ်တဲ့နေရာတွေကို မသွားကြဖို့ တိုက်တွန်းပြောဆို နေတာတွေ ရှိပါတယ်။

ရန်ကုန်မြို့က စိတ်ကျန်းမာရေး ဆရာဝန်တယောက်က "လူငယ်တွေအနေနဲ့ လက်ရှိပြင်ပမှာ ဖြစ်နေတာတွေကို ထိန်းချုပ်လို့တော့ မရဘူး။ အဲဒီတော့ အရှိတရားကို လက်ခံထားပြီး သတိနဲ့ ဂရုပြုနေဖို့ လိုပါတယ်။ ပြီးတော့ တယောက်နဲ့တယောက် ရင်ဖွင့်ဖော်ရှိဖို့ လိုတယ်။ ဒါမှ စိတ်ဖိစီးမှု တွေ လျှော့ချနိုင်မယ်။ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်မှုတွေကို လျှော့ချဖို့ လူမှုကွန်ရက်တွေပေါ်က စိုးရိမ်စရာသတင်းတွေကို အမြဲတမ်းကြည့်တာမျိုး မလုပ်ဖို့ လိုတယ်။ စိုးရိမ်မှုတွေ လွန်ကဲလာတာ၊ စိတ်ဖိစီးမှုများလာတာနဲ့ ညဘက် အိပ်မပျော်တဲ့အထိ စိုးရိမ်တာမျိုးတွေ ဆက်တိုက် ကြုံလာရ ရင်တော့ စိတ်ကျန်းမာရေးဆရာဝန်တွေ၊ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်တာမျိုးတွေ လုပ်သင့် ပါတယ်" လို့ ပြောပါတယ်။

နိုင်ငံတဝန်း စစ်ရှုံးနယ်မြေတွေ ပြန်ရဖို့အတွက် စစ်အာဏာရှင်က အဓမ္မစစ်မှုထမ်း ဥပဒေကို အသက်သွင်းပြီး လူငယ်အများအပြားကို ပေါ်တာဆွဲ ဖမ်းဆီးကာ ရှေ့တန်းကိုပို့ဆောင်ကာ အသေခံဖို့ လူသားတံတိုင်းအဖြစ် အဓမ္မခိုင်းစေနေတာပါ။

လက်ရှိမှာ လူငယ်တွေကို အဓမ္မစုဆောင်း စစ်သင်တန်းပေးနေတာ အပတ်စဉ် ၂၄ အထိ ရှိနေပြီး အပတ်စဉ်တခုကို လူငယ် ၅,၀၀၀ စုဆောင်းမယ်လို့ ဆိုထားတာကြောင့် လူငယ် ၁၂၀,၀၀၀ လောက် စစ်အာဏာရှင်တပ်အောက်မှာ စစ်မှုထမ်းခဲ့ရပြီ ဖြစ်ပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013