DVB Logo
Home
မြန်မာသတင်း
ယခုစိုက်ပျိုးရာသီလည်း အရှုံးဖြင့် ရင်ဆိုင်ရဦးမည်ဟု တောင်သူများ ညည်းတွား
DVB
·
May 20, 2026
Photo : DVB
Photo : DVB
Donate to DVB

သွင်းအားစုနဲ့ စက်သုံးဆီဈေးမြင့်တက်ပြီး စိုက်စရိတ်ကြီးမြင့်လာတာကြောင့် ဒီမိုးစပါးရာသီမှာလည်း အရှုံးပေါ်ဦးမယ်လို့ ရန်ကုန်တိုင်းအတွင်းက လယ်သမားတချို့က ပြောပါတယ်။

ရန်ကုန်တိုင်း၊ ဒလမြို့နယ် လယ်သမားတယောက်က “စိုက်သာ စိုက်ထားရတာ။ အမြတ်ရဖို့ထက် အများကြီး မရှုံးအောင် ဆုတောင်းနေရတယ်။ မနှစ်ကလည်း ရှုံးတယ်” လို့ ပြောတယ်။

လယ်သမားတွေဟာ လုပ်သားရှားပါးမှုကြောင့် အရင်လို မိုးဦးကျရာသီမှာ စိုက်ပျိုးတာထက် မိုးမကျမီကတည်းက မြေကို အခြောက်ခွဲ ထွန်ယက်တဲ့နည်းနဲ့ စိုက်ပျိုးနေကြတာ ဒီဒေသမှာ ကြာပါပြီ။

အဓိကက နွေကတည်းက မြေခွဲပျိုးကြဲထားတာနဲ့ မိုးကျမှစိုက်ပျိုးတာမှာ အထွက်နှုန်းက သိပ်မကွာဘူး။ ဒါပေမဲ့ နွေကြဲကျတော့ လုပ်သားငှားခ သက်သာတာပေါ့လို့ သူက ရှင်းပြတယ်။

လက်ရှိမှာ မြေဆီတအိတ် ကျပ် ၁၅၀,၀၀၀ ကျော်၊ ထွက်စက်ခ တဧက ကျပ် ၁၂၀,၀၀၀ ကျော်နဲ့ ပိုးသတ်ဆေးခ၊ ရိတ်သိမ်း ခြွေလှေ့စက်ခတွေ အပါအဝင် တဧက ကုန်ကျစရိတ်ဟာ ကျပ် ၅၀၀,၀၀၀ နဲ့ ၆၀၀,၀၀၀ သိန်းကြား အနိမ့်ဆုံး ကုန်ကျစရိတ် ရှိနေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

ဒလမြို့နယ်နေ နောက်ထပ် လယ်သမားတယောက်က “တဧက စပါးတင်း ၅၀ မှ မထွက်ရင် ဘယ်လိုမှ မကိုက်ဘူး၊ ရှုံးတယ်။ ဒါပေမဲ့ အခုက တဧက တင်းအစိတ်၊ သုံးဆယ်လောက်ပဲ ထွက်တော့ ရှုံးနေတာ” လို့ ပြောတယ်။

ဒီရာသီဆိုရင် နွေကတည်းက ထွန်ယက်ကြဲပက်ထားတဲ့ စပါးတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အဆက်မပြတ်ရွာသွန်းတဲ့ မိုးကြောင့် ရေမြုပ်ပြီး ပုပ်ကုန်တဲ့အတွက် တချို့လယ်ကွက်တွေကို ပြန်လည်စိုက်ပျိုးရဦးမယ်လို့ ဆိုပါတယ်။

အဲဒီဒေသမှာက သက်ကြီးစပါးမျိုးဖြစ်တဲ့ တောင်ပျံ၊ ခွန်နီလို စပါးတွေကို တရာသီသာ စိုက်ပျိုးကြပြီး သီးထပ်၊ သီးညှပ် စိုက်ပျိုးမရဘူးလို့ လယ်သမားတချို့က ပြောပါတယ်။

တွံတေးမြို့နယ်နေ လယ်သမားတယောက်က “အခုက တကယ် လယ်စိုက်နေတဲ့ တောင်သူဆီမှာ လယ်ပိုင်ဆိုင်မှုက မရှိသလောက်ပဲ။ အများစုက သီးစားငှားစိုက်နေကြတာ။ ပုံစံ (၇) စာအုပ်တွေလည်း သူဌေးသိမ်းထားတော့ ဘဏ်ချေးငွေ မရကြတော့ အရင်းအနှီးပြဿနာပါ ထပ်ကြုံနေရတာ ကြာပါပြီ” လို့ ပြောပါတယ်။

စစ်အာဏာရှင် စိုက်ပျိုးရေးဘဏ်တွေက လယ်သမားတွေကို စိုက်ပျိုးရေးချေးငွေ တိုးမြှင့် ထုတ်ချေးပေးနေတယ်လို့ ကြေညာနေပေမဲ့ မရကြဘူးလို့ ဒလမြို့နယ် လယ်သမားတယောက်က ပြောပါတယ်။

“ငါတို့က သီးစားလုပ်တာလေ။ တဧက ၁၂၀,၀၀၀ (ကျပ်) ပေးရတယ်။ ပုံစံ (၇) စာအုပ်က သူဌေးကိုင်ထားတာဆိုတော့ ချေးငွေက သူ ထုတ်ချင်ထုတ်၊ မထုတ်ချင်နေပေါ့။ ငါတို့မရဘူး။ ကိုယ့်အရင်းကိုယ်ရှာ စိုက်နေရတာပါ။” 

စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ နှစ်စဉ် မိုးစပါးစိုက်ဧက ၁၅ သန်းခန့် စိုက်ပျိုးနေပြီ ရန်ကုန်တိုင်းဒေသဟာ စတုတ္ထမြောက် စပါးစိုက်ပျိုးမှု အများဆုံးဒေသအဖြစ် ဧက ၁ သန်းကျော် စိုက်ပျိုးတယ်လို့ ဖော်ပြပါတယ်။

မြန်မာလယ်ယာကဏ္ဍဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်း စိုက်ထိုးဆင်းနေတဲ့ ကဏ္ဍတခုဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ စားနပ်ရိက္ခာမူဝါဒ သုတေသနအဖွဲ့ (IFPRI) ရဲ့ နောက်ဆုံးထုတ် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာတော့ ဒီနှစ်မိုးရာသီမှာ မြန်မာစပါးစိုက် တောင်သူတွေဟာ စက်သုံးဆီပြတ်လပ်မှု၊ မြေဩဇာရှားပါးမှုနဲ့ ထပ်မံကြုံတွေ့ရမှာဖြစ်ပြီး စိုက်ပျိုး ထုတ်လုပ်မှုနှုန်း ထပ်မံကျဆင်းကာ စားနပ်ရိက္ခာဖူလုံမှုကိုပါ ခြိမ်းခြောက်မယ်လို့ ဖော်ပြထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013