
ဘိုလီးဗီးယား ရဲတပ်ဖွဲ့ဟာ ဧပြီ ၆ ရက်က ရာဇ၀တ်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးတခုအတွင်း ဆန်တာခရုဇ်မြို့ရဲ့ ပေါ်ရီတိုရပ်ကွက်ရှိ နေအိမ်တလုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး ဂိုဏ်းစတား ၁၃ ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။
ဒီစီးနင်းမှုအတွင်း သံသယရှိသူတွေနဲ့ ရဲတွေ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ စန်တာခရုဇ် ရဲတပ်မှူး ဂျန်ကီ ဂိုမက်ဇ်က ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ဘိုလီးဗီးယားနိုင်ငံသား ၂ ယောက်နဲ့ ကိုလံဘီယာနိုင်ငံသား ၁၁ ယောက် ပါဝင်ပြီး အဲဒီထဲမှာ ကိုလံဘီယာ ရာဇဝတ်ဂိုဏ်း လော့စ်အက်စ်ပါတာနိုစ်ရဲ့ ဂိုဏ်းခေါင်းဆောင် အလ်မာပါယာလို့ လူသိများတဲ့ ဟော်ရ်ဟဲ အိုင်ဆက်ကမ်ပါ့စ် ဟီမန်နက်ဇ်ကိုပါ ဖမ်းမိခဲ့ပါတယ်။
လော့စ်အက်စ်ပါတာနိုစ်အဖွဲ့ဟာ ကိုလံဘီယာနိုင်ငံ ဘွေနာဗန်တူရာမြို့မှာ လှုပ်ရှားကြတာဖြစ်ပြီး ငွေညှစ်မှု၊ လူတွေကို အတင်းအကျပ် ရွှေ့ပြောင်းမှု အပါအဝင် ရာဇဝတ်မှုမျိုးစုံနဲ့ စွပ်စွဲခံထားရပါတယ်။
လက်ရှိမှာတော့ ကိုလံဘီယာ ရဲတပ်ဖွဲ့အပြင် အင်တာပိုလ်နဲ့ပါ ချိတ်ဆက်ပြီး ဖမ်းမိထားသူတွေရဲ့ အချက်အလက်တွေ စစ်ဆေးနေပါတယ်။
ဒါဟာ စန်တာခရုဇ်မြို့ထဲမှာ အခြေစိုက်ဖို့ ကြိုးစားနေတဲ့ ရာဇဝတ်ဂိုဏ်းတွေကို အမြစ်ပြတ်အောင် တိုက်ဖျက်ဖို့ ရဲတပ်ဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှု ဖြစ်တယ်လို့ ဆန်တာခရုဇ် ရဲတပ်ဖွဲ့ဌာနမှူး ဂျန်ကီ ဂိုမက်ဇ်က ပြောပါတယ်။
Source: Reuters










