ဟေတီရဲတပ်ဖွဲ့ စစ်ဆင်ရေးကြောင့် ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင် ၃၀ ကျော် သေဆုံး
ဟေတီနိုင်ငံမှာ နိုဝင်ဘာ ၁၉ ရက်က ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတခုအတွင်း ဂိုဏ်းအဖွဲ့ဝင်လို့ သံသယရှိသူ အနည်းဆုံး ၃၄ ယောက် သေဆုံးခဲ့တယ်လို့ ဟေတီရဲတပ်ဖွဲ့က ပြောကြားလိုက်ပြီး ဒီစစ်ဆင်ရေးကြောင့် တခြား ထိခိုက်သေဆုံးမှု တစုံတရာ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
ရဲတပ်ဖွဲ့ စစ်ဆင်ရေးကို မြို့တော် ပို့ထ်အောပရင့်စ်ရဲ့ အနောက်တောင်ဘက် မာတီဆန့် ရပ်ကွက်မှာရှိတဲ့ ဂရန်း ရာဗင်း ရာဇဝတ်ဂိုဏ်း အဖွဲ့အစည်းနဲ့ ဆက်စပ်နေတဲ့ ဧရိယာတခုမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပို့ထ်အောပရင့်စ်နဲ့ ပတ်ဝန်းကျင်ဒေသတွေကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဖောက်ခွဲရေးဒရုန်းတွေ သုံးကာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ ဝေဟင်ရိုက်ချက် ဗီဒီယိုဖိုင်ထဲမှာ မီးခိုးလုံးကြီးတွေနဲ့ အဆောက်အအုံတခု ပြိုကျသွားတာကို မြင်တွေ့ရပါတယ်။
ဗန်တောရဲ့ ဂြိုဟ်တုဓာတ်ပုံတွေမှာလည်း အဲဒီအဆောက်အအုံ တိုက်ခိုက်မခံရခင်နဲ့ ခံရပြီးနောက် အခြေအနေတွေကို ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။
ဒီစစ်ဆင်ရေးမှာ အယ်လ်ဆာဗေးဒိုး တပ်ဖွဲ့ဝင်တွေ မပါဝင်ဘူးလို့ ရဲတပ်ဖွဲ့က ရှင်းလင်း ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့လက အယ်လ်ဆာဗေးဒိုး စစ်သား ၄ ယောက် ပျောက်ဆုံးသွားခဲ့ပြီးနောက်ပိုင်း အယ်လ်ဆာဗေးဒိုး တပ်ဖွဲ့တွေဟာ ဟေတီရဲတပ်ဖွဲ့နဲ့ ပူးတွဲစစ်ဆင်ရေးတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပြီး အယ်လ်ဆာဗေးဒိုး အစိုးရဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်တာ မရှိသေးပါဘူး။
Source: Reuters











