
၂၀၂၆၊ ဖေဖော်ဝါရီ ၁၄၊ ချစ်သူများနေ့ဟု လူသိများသော နေ့တနေ့။ ထိုနေ့တွင် အများသူငှာ အံ့ဩရလောက်အောင် ချစ်သူနှစ်ဦး ကတောက်ကဆ ဖြစ်သွားကြသည်။ ဖက်လဲတကင်း ရှိနေကြရာမှ ကွေကွင်းကြရသည့်အဖြစ်ထိ ရောက်လေမည်လား။ မြန်မာပြည်တဝန်းက စစ်ရေး၊ နိုင်ငံရေးကို နားစွင့်နေကြရသော ပြည်သူအားလုံး ရင်တထင့်ထင့်နှင့် စောင့်ကြည့်နေကြရသည့် အဖြစ်။
“ဆရာစိုင်းရေ....ဒီည ထူးခြားမယ်လို့ ကြားနေတယ်ဗျ။ ဘာသံကြားကြား ထ မကြည့်နဲ့တဲ့။ မှန်ပြတင်းပေါက်နားလည်း မရပ်နဲ့နော်၊ မအိပ်နဲ့နော်။”
အိမ်ရှင်က ပြောလာ၍ ကျနော် အံ့ဩသွားသည်။
“ဘာဖြစ်လို့လဲဗျ။ ဘာထူးလို့လဲ”
“သေချာတော့ မသိပါဘူး၊ ရပ်ကွက်ထဲမှာ ဒီလိုပဲ ပြောနေကြလို့လေနှော”
အိမ်ရှင်က ပြောရင်း ဆိုရင်းက အိမ်အောက်ထပ် ပြန်ဆင်းသွားသဖြင့် ကျနော်လည်း ထပ်မေးခွင့်မသာတော့။ ဇဝေဇဝါဖြင့်သာ ဆေးလိပ်ဖွာရင်း ကျန်ခဲ့ရသည်။ ထိုညကား ၂၀၂၆၊ ဖေဖော်ဝါရီ ၁၃။
ည ၁၀ နာရီခွဲခန့်တွင် သေနတ်သံတချက် ကြားရ၏။ အနည်းငယ်ကြာတော့ သေနတ်သံ သုံး လေးချက် ထပ်ကြားရပြန်သည်။ မူဆယ်-လားရှိုး လမ်းမကြီးဘေးတွင် နေထိုင်သော အသိတယောက်ကို ဖုန်းလှမ်းဆက်ကြည့်ရသည်။
“ဆရာစိုင်းရေ လမ်းပေါ်က စီစီတီဗီတွေကို TNLA တပ်ဖွဲ့တွေက လိုက်ဖြုတ်နေတယ်၊ ကိုးကန့်တွေ ထိုင်ထားတဲ့ နေရာတွေမှာလည်း သူတို့ ရောက်နေကြပြီ။ နှစ်ဖက် အချေအတင် စကားများနေကြတယ်လို့ ကြားရတယ်။”
အသိမိတ်ဆွေ၏ ဖုန်းပြန်ကြားချက်ကို သိရအပြီး ထပ်စောင့်ကြည့်တော့ သေနတ်သံ ထပ်မကြားရတော့ပေ။ အပြန်အလှန် ပစ်ခတ်သံများ မကြားရသဖြင့် တော်ပါသေးရဲ့ဟု သက်ပြင်းချရသည်။
မနက်မိုးလင်းတော့ ထုံးစံအတိုင်း လက်ဖက်ရည်ဆိုင် ပြေးရ၏။ ညက ကိစ္စ နောက်ဆက်တွဲသတင်း နားစွင့်ရဦးမည်။
“သေချာ မသိတဲ့သူတွေကတော့ စီစီတီဗီတပ်တဲ့ ကိစ္စနဲ့ ထကွိုင်ကြတယ်လို့ ထင်ကြမှာပဲ။ အဲ့ဒီကိစ္စ သက်သက်ချည်းပဲ မဟုတ်ဘူးဗျ။ ရှေ့က ဖြစ်ခဲ့တာတွေနဲ့ ဆက်စပ်နေတာရယ်။”
လက်ဖက်ရည်ဝိုင်းထဲက မြို့ခံ ရှမ်းဆရာ ကိုခမ်းနောင်၏ စကားစကို ကျနော် ဆက်ကြောင်း မေးဖြစ်သည်။
"အင်း..... လုပ်ပါဦး၊ အရင်က ဘာတွေ ဖြစ်ခဲ့သေးတာလဲ"
လားရှိုးကို စကစလက်ပြန်ပေးပြီးနောက်မှ ညီနောင်မဟာမိတ်ထိန်းချုပ်ရာ ကွတ်ခိုင်သို့ ပြောင်းလာသော ကျနော် မသိသေးသော ရှေ့က ဖြစ်စဉ်တို့ကို သိချင်နေမိ၏။
ကိုခမ်းနောင်းက ရေနွေး တကျိုက်သောက်လိုက်ရင်း
“ဒီလိုဗျ၊ ဒီမှာက အရင်ကတည်းက စစ်တပ်နဲ့ လက်တွဲတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ကျင်ဆန်းဆိုတာရှိတယ်။ သူက ကွတ်ခိုင်ကို TNLA က သိမ်းအပြီးမှာ MNDAA ထဲ ဝင်လိုက်တယ်။ ကွတ်ခိုင်မှာ နံ့စပ်တာက ကျင်ဆန်းဆိုတော့ MNDAA ကလည်း ကျင်ဆန်းကို လုပ်ပိုင်ခွင့် အပြည့်ပေးလိုက်ပုံရပါတယ်။ သူ့ခြေသူ့လက် သူလုပ်ချင်သလို လုပ်လို့ရတယ်။ အလောင်းအစားဝိုင်းတွေ ဖွင့်တယ်၊ မာဆက်၊ ကေတီဗီ အကုန်ကုန် ကျင်ဆန်းပြီးရင် ပြီးတယ်။"
ဆေးလိပ်ဖွာနေသည့် ကချင်ဆရာ ဘရန်ဆိုင်းကလည်း ထိုစကားကို ထောက်ခံရင်း ဆက်ပြောလာသည်။
"မှန်တယ်၊ မှန်တယ်၊ သူက တန်ခိုးထွားလာပြီး TNLA ရဲစခန်းမှူးကိုပါ ရိုက်နှက်တာတွေ ရှိခဲ့ဖူးတယ်၊ ဆိုတော့ ကျင်ဆန်းကြောင့် သူတို့နှစ်ဖွဲ့ကြား တင်းမာမှုက နဂိုကတည်းက ရှိသွားတယ်၊ စီစီတီဗီတွေပါ ထတပ်တော့ TNLA က လုံးဝကို လက်မခံနိုင်တော့တဲ့ သဘောပဲ။ ကြားတာတော့ TNLA က သူတို့ မြို့သိမ်းပြီး ကိုးကန့်အဖွဲ့ ဝင်လာတော့ တပ်စွဲ နေထိုင်ခွင့်ပြုတယ်၊ အုပ်ချုပ်ရေးပိုင်းကိုတော့ မဖော်ဆောင်ဖို့ ပြောထားတယ်လို့ ကြားတယ်၊ ခုက တစထက်တစ အုပ်ချုပ်ရေးပိုင်းထဲ တိုးတိုးဝင်လာတော့ ငြိကုန်ကြတာပဲ။ TNLA ဘက်ကလည်း သူတို့ဆိုရင် ကိုးကန့်သိမ်းထားတဲ့ သိန္နီဘက်ကို သွားပြီး တပ်စွဲတာ၊ အုပ်ချုပ်ရေးပိုင်း ဝင်ပါတာမျိုး မရှိဘူး၊ ကိုးကန့်ကတော့ တစထက် တစ ပိုတိုးဝငိလာတယ်ဆိုတဲ့ အမြင်ရှိတယ်။”
ဘရန်ဆိုင်း စကားအဆုံးမှာပင် ကားဂိတ်မှူး ကိုဝင်းကျော်က သက်ပြင်းမှုတ်ထုတ်ကာ
“ဟူး.......စကစကများ ပြည်သူ့စစ်ဟောင်း ကျင်ဆန်းကနေတဆင့် နှစ်ဖွဲ့အကြား တင်းမာမှုတွေ ဖြစ်အောင် ကစားသွားသလား၊ ဒါလည်း စဉ်းစားစရာပဲ၊ ကိုးကန့်အနေနဲ့ကျတော့လည်း သူတို့အဖွဲ့ကို ထိပါးတယ်လို့ပဲ မြင်နေမယ်လေ” ဟု တွေးတွေးဆဆ ပြော၏။
“အေးဗျာ၊ ကျနော်ကတော့ ဒီကွတ်ခိုင်မှာက TNLA ရော၊ MNDAA ရော ရှိတဲ့အတွက် ပို အင်အားကောင်းမယ်၊ ပိုလုံခြုံမယ်လို့ ယူဆပြီး ဒီကို ပြောင်းလာတာဗျ၊ အခုတော့ဗျာ ၊ ဟူး။”
ကားဂိတ်မှူး ကိုဝင်းကျော်၏ သက်ပြင်းမောက ကျနော့်ထံပါကူးလာ၏။ စကားအဆုံးတွင် ကျနော်ပါ ဟူး ချမိသည်။
ကျနော် လက်ဖက်ရည်ဆိုင်မှ ပြန်လာအပြီး နေ့ခင်းပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ဝင်များ မြို့ပေါ်မှ တပ်ဆုပ်ထွက်သွားကြပြီဟု သတင်းကြားရသည်။ ထိုနေ့သည် ၂၀၂၆၊ ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့။
၂၀၂၆ ၊ မတ် ၁၄ ရက်နေ့။
ချစ်သူများနေ့က ဖြစ်တည်ခဲ့သော အမုန်းမီးတောက်သည် တလပြည့်မြောက်ပြီးနောက် ထတောက်ပြီထင့်။ ကွတ်ခိုင်မြို့လေး၏ လေးဘက်လေးတန်မှ တဝုန်းဝုန်း တဒိုင်းဒိုင်း အသံများကို နံနက် ၁၁ နာရီခန့်တွင် ကြားလာရ၏။ ထို့နောက် စစ်မီးသည် တမြို့လုံးကို နှစ်ရက်အကြာ ဝါးမြိုလိုက်လေပြီ။ TNLA တို့ မြို့ကို စွန့်ခွာ တပ်ဆုပ်သွားကြပြီဟု သိရသည်။
သို့သော် မြို့ခံတွေ မပျော်ကြ။ ကျနော်တို့လို စစ်ဘေးရှောင်တွေလည်း ရင်တမမ။ ထင်းအစည်းပြေသလို ဖြစ်သွားသည့် ကိစ္စ။ အဘယ်မှာ ပျော်စရာကောင်းမည်နည်း။ အားလုံးသိပြီးကြသည့် ရိုးရှင်းလှသည့် ထင်းစည်းပုံပြင်။ ထင်းတချောင်းခြင်း ချိုးသော် ကျိုးလွယ်၏။ ထင်းတို့ စုစည်းထားသည့် ထင်းစည်းသည် လွယ်လွယ်နှင့် မချိုးနိုင်၊ မကျိုးနိုင်။
မဟာမိတ်ညီနောင် သုံးဖော်ဟူသည့် ထင်းစည်းကြီးသည် ယခု ပြေလေပြီလား။ ရှေ့ရေး မျော် တွေးတတ်သူတိုင်း စိတ်မချမ်းမြေ့ကြရသည့်အဖြစ်။ ဘတပြန် ကျားတပြန် စစ်ပွဲတွေ ဒီဒေသမှာ ထပ်ဖြစ်မလာပါဟု မည်သူက အာမခံမည်နည်း။ မိတ်ဖက်များအကြားက တိုက်ပွဲသည် မည်သူနိုင်နိုင် ဝမ်းသာရမည့်အရာမဟုတ်။ ထင်းအစည်း ပြေသည့် ကိစ္စသာဖြစ်၏။
MNDAA နှင့် TNLA တို့ နှစ်ဖက်ထိပ်သီးခေါင်းဆောင်များအနေဖြင့် ဒေသခံပြည်သူများနှင့် မိမိတို့ကို ယုံကြည်အားကိုး၍ စစ်ဘေးရှောင် ခိုလှုံလာကြသူများကို ငဲ့ကွက်ကာ အကောင်းဆုံး ရလဒ်ပေါ်ထွက်အောင် ဆွေးနွေးညှိနှိုင်းရင်း ချစ်သူများနေ့က အမုန်းမီးတောက်ကို အပြီးတိုင် ငြှိမ်းသတ်နိုင်ကြပါစေဟု ဆုတောင်းရုံမှတပါး ......။
စိုင်းမင်းအောင်










