
စစ်အာဏာရှင်တပ်က ပိတ်လိုက်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့က စာသင်ကျောင်းတွေကို ကိုးကန့်တပ် (MNDAA) နဲ့ စစ်အာဏာရှင်တပ်က ပြန်ဖွင့်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်က ပိတ်လိုက်တဲ့ သီပေါမြို့နယ်ရှိ ကျောင်း ၁၇ ကျောင်းထဲက MNDAA ထိန်းချုပ်ဒေသမှာရှိတဲ့ ကျောင်း ၇ ကျောင်းကို ဒီရက်ပိုင်းထဲ ပြန်ဖွင့်ပေးနိုင်ဖို့ ဆရာ၊ ဆရာမတွေကို MNDAA ဘက်က စေလွှတ်နေချိန် စစ်အာဏာရှင်ဘက်ကလည်း ပြန်ဖွင့်မယ်ဆိုပြီး ပြောဆိုလာတာလို့ ဆိုပါတယ်။
MNDAA သတင်းအရင်းအမြစ်က “ကျနော်တို့ဘက်က ပြန်ဖွင့်မယ်ပြောလို့ စစ်တပ်ဘက်ကလည်း ပြန်ဖွင့်မယ် ပြောလာတယ်။ ကျနော်တို့က ပြင်ဆင်ပြီးပြီဆိုတော့ လက်မခံတော့ဘူး။ ဆရာ၊ ဆရာမတွေကို စပို့နေပြီ။ သူတို့ပိတ်လိုက်တဲ့ ၁၇ ကျောင်းမှာ ကျနော်တို့ ထိန်းချုပ်ဒေသဘက်မှာပါတဲ့ ၁၀ ကျောင်းရှိတယ်။ အဲဒီအထဲက ၇ကျောင်း ဖွင့်မယ်။ ကျန်တဲ့ ၃ ကျောင်းက ဖွင့်မဲ့ကျောင်းမှာ ပေါင်းသင်ပေါ့။ စစ်တပ် ထိန်းချုပ်ထားတဲ့ဒေသဘက်က ကျောင်း ၇ ကျောင်းကနေလည်း ကျောင်းသားတွေ လာတက်လို့ရတယ်။ ကျနော်တို့ဘက်က ပိတ်ပင်ထားတာမရှိဘူး။ လာပြောတာက သီပေါမြို့နယ် ပညာရေးဘက်က လာပြောတာ” လို့ DVB ကိုပြောပါတယ်။
MNDAA ဘက်က ပြန်ဖွင့်မဲ့ ကျောင်းတွေကတော့ အမက (ဆွတ်လန်း)၊ အမက (မြို့ဟောင်း)၊ အမက (နမ့်ပျဉ်)၊ အမက (ကောင်းလန်း)၊ အမက (နားညု)၊ အလက (ပန်ညု)၊ အထက (ဆောင်ကြဲ) တို့ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီစာသင်ကျောင်း ၁၇ ကျောင်းကို အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူးက ဩဂုတ်လ ပထမပတ်မှာ ပိတ်ခိုင်းလိုက်တာဖြစ်ပြီး ဆရာ၊ ဆရာမ အယောက် ၂၀ ဝန်းကျင်ကိုလည်း SSPP ထိန်းချုပ်ဒေသဆီကို ပို့လိုက်တာလို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာထဲမှာ သီပေါမြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပေမဲ့ သီပေါမြို့နယ်က ကျေးရွာအုပ်စုတချို့ကိုတော့ MNDAA တပ်တွေက ထိန်းချုပ်ထားပါတယ်။











