
စစ်အာဏာရှင်အစိုးရ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန သတ်မှတ်လိုက်တဲ့ ကျောင်းမြေဧရိယာ အကျယ်အဝန်းနဲ့ ပတ်သက်ပြီး ပညာရေးလောကနဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းထူထောင်သူတွေ ကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
တနိုင်ငံလုံးမှာရှိတဲ့ စာသင်ကျောင်းတွေ စံကိုက်ဖြစ်ဖို့အတွက် မူလတန်းကျောင်း ပေအကျယ် ၃ ဧကကနေ ၅ ဧက၊ အလယ်တန်းကျောင်း ၅ ဧက ကနေ ၇ ဧကနဲ့ အထက်တန်းကျောင်း ၇ ဧက ကနေ ၁၀ ဧက ရှိရမယ်လို့ ပညာရေဝန်ကြီးဌာနက သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့တာပါ။
ပညာရေးဝန်ကြီးဌာနက သတ်မှတ်လိုက်တဲ့စံနဲ့ ကိုက်ညီတဲ့ စာသင်ကျောင်းတွေမှာ နည်းပါးပြီး အများစုမှာ မကိုက်ညီတဲ့ကျောင်းတွေ ဖြစ်တာကြောင့် မလွယ်ကူဘူးလို့ ပညာရေးဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
"စံနဲ့ကိုက်ညီတဲ့ကျောင်းဖြစ်ဖို့ ကစားကွင်းနဲ့ စာကြည့်တိုက် စီစဥ်လို့ရပေမဲ့ ကျောင်းမြေဧရိယာကျတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူတို့သတ်မှတ်ထားတဲ့စံနဲ့ ကိုက်ညီတဲ့ ကျောင်းတွေက မြို့ပြင်မှာပဲရှိတယ်။ မြို့ထဲမှာ အဲဒီမြေဧရိယာနဲ့ကျောင်း မရှိသလောက်ပဲ။”
ကျောင်းမြေဧရိယာ အကျယ်အဝန်းထက် လတ်တလောရှိနေတဲ့ ကျောင်းတွေကို အဆင်မြှင့်တင်သင့်တယ်လို့ အငြိမ်းစားပညာရေးဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
"ကျောင်းဧရိယာကျယ်ပြီး စာသင်ခုံ မလုံလောက်တဲ့ကျောင်းတွေ တပုံကြီး။ မိုးမလုံ လေမလုံနဲ့ စာသင်နေရတဲ့ ကျောင်းတွေလည်း အများကြီး။ အကျယ်အဝန်းဆိုတာထက် ကျောင်းရဲ့ပြည့်စုံမှုက အရေးကြီးတာ။ ကျောင်းမြေကျယ်ပြီး စာသင်ခုံမလောက်တော့ ဘာလုပ်လို့ရမလဲ။ သင်ကြားရေး ကိရိယာ မပြည့်စုံတော့ ဘယ်လိုသင်မလဲ။ ရှိနေတဲ့ကျောင်းတွေကို စံပြဖြစ်အောင် အဆင့်မြှင့်တင်ပေးရမှာ။”
အဆိုပါ ကျောင်းမြေဧရိယာကိစ္စမှာ အစိုးရကျောင်းတွေသာမက ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေကိုပါ ရိုက်ခတ်လာမှာ စိုးရိမ်နေတယ်လို့ ပုဂ္ဂလိကကျောင်း တည်ထောင်သူတယောက်က DVB ကို ပြောပါတယ်။
"နောက်ဆက်တွဲ ပုဂ္ဂလိကကျောင်းတွေကိုပါ လုပ်လာမှာ စိုးရိမ်တာ။ သူတို့သတ်မှတ်ထားတဲ့ မြေဧကဆိုရင် ဘယ်လိုမှမဖြစ်နိုင်ဘူး၊ အကုန်လုံး မြို့ပြင်ထွက်ရမှာ။ စစ်တပ်ကသာ ပညာရေးကို ရှေ့မဆက်နိုင်အောင် လုပ်ချင်ရင်တော့ မသိဘူး။”
စစ်တပ် အာဏာသိမ်းပြီးနောက် အဘက်ဘက်က နိမ့်ကျလာတဲ့ ပညာရေးစနစ်မှာ ကျောင်းသားတွေဟာ မူးယစ်ဆေးဝါးသုံးစွဲတာ၊ အရက်သေစာသောက်စားတာ၊ ကျောင်းတွင်း အုပ်စုဖွဲ့ အနိုင်ကျင့်ပြီး ခိုက်ရန်ဖြစ်ပွားတာတွေကြောင့် သေဆုံးသူ ကျောင်းသားကျောင်းသူဦးရေ ၁၀ ယောက်ထက်မနည်း ရှိပါတယ်။











