
ကွန်ဂိုနိုင်ငံ ဘူကာဗူမြို့က စာသင်ကျောင်းမှာ မကြာသေးမီက မီးလောင်မှုအတွင်း သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေကို ဂူသွင်းမြှုပ်နှံဖို့ မိသားစုဝင်တွေနဲ့ ဝမ်းနည်းနေသူတွေ စက်တင်ဘာ ၁၅ ရက်က ဈာပနအခမ်းအနားမှာ ရောက်ရှိနေကြပါတယ်။
စက်တင်ဘာ ၁၀ ရက်က မီးလောင်မှုနဲ့ နောက်ဆက်တွဲမှာပဲ လူအုပ်ကြီး တိုးဝှေ့ပြေးလွှားမှုတို့ကြောင့် ကလေးငယ် ၂၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြောပါတယ်။
မီးလောင်မှုနဲ့ လူအုပ်ကြီး တိုးဝှေ့ပြေးလွှားမှုတို့ ဖြစ်ရတဲ့ အခြေအနေ အသေးစိတ်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
လူအများအပြား အသက်ဆုံးရှုံးခဲ့ပြီး အိမ်တွေပါ ပျက်စီးခဲ့တဲ့ မီးလောင်မှုနဲ့ ပတ်သက်ပြီး ဒေသခံ တွေက အဖြေရှာဖွေနေဆဲပါ။
AFC-M23 လို့ခေါ်တဲ့ လက်နက်ကိုင် သူပုန်ညွန့်ပေါင်းအဖွဲ့က တာဝန်ရှိသူတွေကလည်း ဂူသွင်း မြှုပ်နှံတာ မလုပ်မီ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဂါရဝပြုဖို့ ဘုရားကျောင်းတခုမှာ လုပ်တဲ့ ဆုတောင်းပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
ဘုန်းတော်ကြီးတပါးက သေဆုံးသွားသူတွေအတွက် ဆုတောင်းပေးနေချိန်မှာ ဆွေမျိုးတွေနဲ့ ဒေသခံ ခေါင်းဆောင်တွေက ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
AFC-M23 ရဲ့ နိုင်ငံရေး ညှိနှိုင်းရေးမှူးနဲ့ ဥက္ကဋ္ဌဖြစ်သူ ကော်နီလီ နန်ဂါလည်း အကြီးတန်းအရာရှိတွေနဲ့ အတူ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
ဘုရားကျောင်းထဲမှာ ခေါင်းတလားတွေကို စီတန်းချထားခဲ့ပြီး ဝမ်းနည်းကြေကွဲသူတွေက တိတ်တိတ်ဆိတ်ဆိတ် ဂါရဝပြုခဲ့ကြပါတယ်။
ဆုတောင်းပွဲအပြီးမှာ ဆွေမျိုးတွေက ခေါင်းတလားတွေကို ဘုရားကျောင်းကနေ ဂူသွင်းမြှုပ်နှံမဲ့ နေရာဆီ သယ်ဆောင်သွားခဲ့ကြပါတယ်။
ကလေးငယ်တွေကို ဆုံးရှုံးခဲ့ရတဲ့အတွက် ဒေသခံအသိုက်အဝန်းတခုလုံး တုန်လှုပ် ခြောက်ခြား ခဲ့ကြပါတယ်။
Source: Reuters











