
တပ်မတော်အနေနဲ့ ပေးထားတဲ့ ကတိအတိုင်း အစိုးရသစ်ကို အထောက်အကူပြုပေးမယ်လို့ ကြံ့ခိုင်ရေးအစိုးရအဖွဲ့မှာ သမ္မတရာထူးယူမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ် ၂၇ ရက်ကလုပ်တဲ့ ၈၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့) အခမ်းအနားမှာ ပြောပါတယ်။
လက်ရှိအချိန်မှာ တပ်မတော်အနေနဲ့ ပေးထားတဲ့ကတိအတိုင်း ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပခဲ့ပြီးဖြစ်လို့ တပ်မတော်အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာစေရေးအတွက် ရွေးကောက်ပွဲကတဆင့် အသစ်ပေါ်ထွန်းလာမဲ့ အစိုးရသစ်ကို အထောက်အကူပြု ဆောင်ရွက် သွားမယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
နိုင်ငံအနေနဲ့လည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးတာမှာ အတွေ့အကြုံအရ နိုင်ငံနဲ့ကိုက်ညီတဲ့ ဒေသကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကိုပဲ ကျင့်သုံးသွားမယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲကတဆင့် ပေါ်ထွက်လာတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ လွှတ်တော် အစည်းအဝေး တွေ စတင်လုပ်နေပြီး ပေါ်ထွက်လာတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့လည်း နိုင်ငံ့အရေးကို အမြော်အမြင် ရှိရှိ၊ သစ္စာရှိရှိနဲ့ အလေးအနက်ထား ကြိုးပမ်းထမ်းရွက်ကြဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအနေနဲ့လည်း ခိုင်မာတဲ့အစိုးရတရပ် ပေါ်ပေါက်ပြီး နိုင်ငံရေးခရီးလမ်းမှာ ခိုင်ခိုင်မာမာလျှောက်နိုင်တဲ့အထိ ဆောင်ရွက်ပေးသွားမှာဖြစ်သလို တပ်မတော် အနေနဲ့လည်း နိုင်ငံ့အရေးအတွက် အမြဲအသင့်ရှိနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ဟာ သူ့လက်ထက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုကတဆင့် ရရှိလာတဲ့ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးသဘောတူညီချက် ၄၃ ချက်နဲ့ အရင်အစိုးရတွေ လက်ထက် ငြိမ်းချမ်းရေးညီလာခံရလဒ်တွေ စုစည်းထားတဲ့ ပြည်ထောင်စုသဘောတူညီချက်(Union Accord) တွေကို ပြည်ထောင်စုလွှတ်တော်မှာတင်ပြပြီး ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။










