DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်ပေါ်လာပြီးနောက်ပိုင်းမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လုပ်ရန် စဉ်းစားမည်
DVB
·
February 13, 2026
အစိုးရသစ်ပေါ်လာပြီးနောက်ပိုင်းမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လုပ်ရန် စဉ်းစားမည်
Donate to DVB

အပစ်ရပ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဘက်က အစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ်လာမဲ့ အခင်းအကျင်းကိုကြည့်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဘယ်လိုဆက်ပြီး လုပ်ဆောင်မယ်ဆိုတာ စဉ်းစားမယ်လို့ စစ်ကောင်စီကို ပြောဆိုထားတာကြောင့် နေပြည်တော်မှာ ဆွေးနွေးပွဲ မဖြစ်ခဲ့တာလို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၆ ဖွဲ့အပြင် နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေရော ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေပါ ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်ခဲ့ကြပေမဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ မလုပ်ခဲ့ကြဘူးလို့ ဆိုပါတယ်။

အရင်က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဘက်က ရွေးကောက်ပွဲ မကျင်းပခင်မှာ တကြိမ်နဲ့ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့အခါ နောက်ထပ်တကြိမ် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပြန်လည်သုံးသပ်တာတွေလုပ်ဖို့ နေပြည်တော်ကို တင်ပြခဲ့ပေမဲ့ အခုချိန်ထိ အဲဒီလုပ်ငန်းစဉ်ကို မလုပ်ဆောင်နိုင်သေးဘူးလို့ ဒေါ်စောမြရာဇာလင်းက DVB ကို ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုနေ့အခမ်းအနားမှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့်က တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေဘက်က အဆင်သင့်ဖြစ်ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပြန်လည်သုံးသပ်တာလုပ်ဖို့ အဆင်သင့်ပဲလို့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

လွှတ်တော်ပေါ်ပေါက်လာတဲ့အခါမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ပါ တွေ့ဆုံဆွေးနွေးပြီး သဘောတူထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သဘောတူညီချက်တွေကို အတည်ပြုဖို့ရှိနိုင်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေလည်း အဲဒီနောက်မှ ဆက်လုပ်ဆောင်ရွက်နိုင်မဲ့ အခြေအနေရှိတယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

NCA စာချုပ်ကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၁၀ ဖွဲ့ လက်မှတ်ထိုးခဲ့ပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့က အဲဒီစာချုပ်က ပျက်ပြယ်သွားပြီလို့ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013