
"တောက်ပတဲ့ မနက်ဖြန်အတွက် အီရန်လူငယ်တွေရဲ့ လူသားတံတိုင်း"လို့ နာမည်ပေးထားတဲ့ အမျိုးသားအဆင့် လှုပ်ရှားမှုတခုမှာ ပါဝင်ကြဖို့ အီရန်အစိုးရ အားကစားဒုဝန်ကြီး အလီရီဇာရာဟီမီ က ဧပြီ ၆ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
အီရန်နိုင်ငံတဝန်းက လူငယ်တွေ၊ ယဉ်ကျေးမှုနဲ့ အနုပညာရှင်တွေ၊ အားကစားသမားတွေနဲ့ ချန်ပီယံဆု ရသူထားသူတွေအားလုံး ဘယ်လိုအယူအဆပဲရှိရှိ လက်ချင်းချိတ်ကာ တနိုင်ငံလုံးရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနားမှာ လူသားတံတိုင်းတွေ လုပ်ကြဖို့ဆိုပြီး သူရဲ့ X လူမှုကွန်ရက်မှာ ဖိတ်ခေါ်ထားတာပါ။
ရာဟီမီက "အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာပဲလို့ ပြောဖို့ ကျနော်တို့ လက်ချင်းချိတ်ပြီး ရပ်တည်သွားကြမယ်" လို့ သူရဲ့ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်ရယူဖို့ အရှေ့ပိုင်းစံတော်ချိန် ဧပြီ ၇ ရက် ည ၈ နာရီကို နောက်ဆုံးအချိန်အဖြစ် ရာဇသံပေးထားတာကို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
ကမ္ဘာ့စွမ်းအင်ထောက်ပံ့ရေးအတွက် အလွန်အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ သတ်မှတ်ထားတဲ့ အချိန်အတွင်း သဘောတူညီချက် မရဘူးဆိုရင် အီရန်ကို "အပြတ်ရှင်းပစ်မယ်" တီဟီရန်မြို့ပေါ်ကို "ငရဲမိုးတွေ" ရွာချမယ်လို့လည်း ထရမ့်ပ် က ခြိမ်းခြောက်ထားပါတယ်။
အီရန်ဘက်က ပြန်လည်တုံ့ပြန်တာတွေကိုလည်း ထရမ့်ပ် က ပယ်ချခဲ့ပြီး သူသတ်မှတ်ထားတဲ့ နောက်ဆုံးအချိန်ဟာ အတည်ပဲလို့ ပြောဆိုထားပါတယ်။
Source:Reuters










