အီရန်ပဋိပက္ခ ချုပ်ငြိမ်းဖို့အတွက် လိုအပ်တာမှန်သမျှ အကုန်ကူညီပေးသွားဖို့ အသင့်ပဲလို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အီရန်သမ္မတ မာဆွတ်ဒ် ပေဇက်ရှ်ကီယန်ကို အောက်တိုဘာ ၈ ရက်က တွေ့ဆုံချိန်မှာ ပြောကြားခဲ့ကြောင်း တာ့ခ်မင်နစ္စတန်ရောက် ရုရှားသတင်းဌာနတွေက ဖော်ပြပါတယ်။
ဆိုဗီယက်ဟောင်းနိုင်ငံများ အစည်းအဝေး တက်ရောက်ရင်း သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြချိန်မှာ ပူတင်က အီရန်အနေနဲ့ ကိုယ့်အပြစ် တစုံတရာမပါဘဲ ကြုံတွေ့နေရတဲ့ ဒေသတွင်း ပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ အဆုံးသတ်နိုင်ဖို့ လက်တွေ့ကျကျ ကြိုးပမ်းနေတာကို သိရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အီရန်ဘက်က ငြိမ်းချမ်းရေးအတွက် အဆိုပြုချက်အသစ်တွေ ထပ်မံတင်ပြလာတာကို လက်ခံရရှိထားပြီး အဲဒီပြဿနာ ချုပ်ငြိမ်းရေးအတွက် လိုအပ်တဲ့ အစီအမံမှန်သမျှကို ရုရှားဘက်က အပြည့်အဝ ကူညီသွားမယ်လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။
အီရန်သမ္မတ ပေဇက်ရှ်ကီယန်ကလည်း ရုရှားဘက်က တဖက်သတ်ဝါဒကို အမြဲဆန့်ကျင်ခဲ့တဲ့ ရပ်တည်ချက်ကို ချီးကျူးခဲ့ပြီး အီရန်နိုင်ငံအနေနဲ့လည်း အဲဒီမူဝါဒကို ဆက်လက်ကိုင်စွဲသွားမယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ရာမှာ ဆွေးနွေးပွဲတွေလုပ်နေဆဲ အချိန်တွေမှာတောင် အမေရိကန်ဘက်က တိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့ပေမဲ့ အီရန်ဘက်ကတော့ ဆွေးနွေးပွဲကနေ ထွက်မသွားဘဲ ဆက်လက်ကြိုးပမ်းနေကြောင်း ပြောပြခဲ့ပါတယ်။
လက်ရှိမှာတော့ အမေရိကန်နဲ့ အီရန်တို့ရဲ့ အဆိုပြု ချက်အသစ်တွေအပေါ် ပြင်ဆင်ချက်တွေကို အပြီးသတ် လုပ်ဆောင်နေကြပြီး အဲဒီနောက်မှာတော့ ကြားဝင်ဖျန်ဖြေသူတွေရဲ့ အကူအညီနဲ့ လူချင်းတွေ့ဆုံပြီး အပြီးသတ် သဘောတူညီချက် ရယူသွားဖို့ အစီအစဉ် ရှိနေတယ်လို့ ဆိုပါတယ်။
Source: Reuters











