
ဘိုလီးဗီးယားနိုင်ငံ အနောက်ပိုင်းမှာ စက်တင်ဘာ ၂ ရက်က တရားမဝင် သတ္တုတူးဖော်မှုကို ဖြိုခွင်း နှိမ်နင်းရင်း ရဲတပ်ဖွဲ့က လူ ၁၈ ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။
ဖမ်းမိတဲ့အထဲမှာ တရုတ်နိုင်ငံသား ၁၁ ယောက်နဲ့ ဘိုလီးဗီးယားနိုင်ငံသား ၇ ယောက် ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အစိုးရဆီက တရားဝင်ခွင့်ပြုမိန့် ရယူထားတဲ့ ဒေသခံ သတ္တုတူးဖော်သူတွေရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ စီမံခန့်ခွဲခွင့် အခွင့်အရေးတွေကို နိုင်ငံခြားသားတွေက တရားမဝင် လာရောက်တူးဖော်ပြီး ကျူးလွန်ဖောက်ဖျက်ခဲ့ကြတယ်လို့ တိုင်ကြားချက်တွေရှိခဲ့ပါတယ်။
ဒါ့ကြောင့် သတ္တုတူးဖော်ရေး အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အနေနဲ့ ဝင်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုလာတာနဲ့ ဒီစစ်ဆင်ရေးကို စတင်ခဲ့တာပါလို့ သတ္တုတူးဖော်ရေး အာဏာပိုင်အဖွဲ့ (AJAM) က ထုတ်ပြန်ပါတယ်။
အာဏာပိုင်တွေဟာ မီတာ ၅၀ လောက် နက်ရှိုင်းကျယ်ဝန်းတဲ့ မြေအောက် သတ္တုတူးဖော်ရေး လုပ်ငန်းကိုတွေ့ရှိခဲ့ပြီး အဲဒီမှာ စက်သုံးဆီတွေနဲ့ ဒိုင်းနမိုက်၊ ယမ်းကြိုး၊ စနက်တံတွေအပါအဝင် ယမ်းဖောက်ခွဲရေး ပစ္စည်း အများအပြားကိုပါ တွေ့ရှိခဲ့တယ်လို့ AJAM က ပြောပါတယ်။
အဲဒီပစ္စည်းတွေရဲ့ အရေအတွက်နဲ့ ပမာဏကိုတော့ လက်ရှိမှာ ဆက်လက် စစ်ဆေး ရေတွက် နေတုန်းပဲ လို့လည်း ဆိုပါတယ်။
Source:Reuters











