
ဘိုလီးဗီးယားရဲတပ်ဖွဲ့ဟာ အောက်တိုဘာ ၁၁ ရက်က အင်မ်ပယ်ရီယိုရတနာဆိုင် လုယက်ခံရမှုနဲ့ ပတ်သက်ပြီး ဘရာဇီးနိုင်ငံသား ၃ ယောက်၊ ကိုလံဘီယာနိုင်ငံသား တယောက်နဲ့ ဘိုလီးဗီးယား အမျိုးသမီး တယောက်တို့ကို အောက်တိုဘာ ၁၅ ရက်က ဖမ်းဆီးလိုက်ပါတယ်။
ဖမ်းဆီးရမိသူတွေထဲက သံသယရှိသူတယောက်ဟာ ဘိုလီးဗီးယားမှာ လှုပ်ရှားနေတဲ့ ဘရာဇီးရဲ့ အင်အားကြီး ရာဇဝတ်အဖွဲ့အစည်းဖြစ်တဲ့ ကိုမန်ဒို ဗာမယ်ဟိုဂိုဏ်းရဲ့ အဖွဲ့ဝင်တယောက်ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အဲဒီသံသယရှိသူဟာ တလကို ဒေါ်လာ ၃ သန်းနီးပါး ငွေကြေးစီးဆင်းမှုကို စီမံခန့်ခွဲပေးနေတဲ့ ဂိုဏ်းရဲ့ ဘဏ္ဍာရေးမှူးဖြစ်ပြီး စတုတ္ထမြောက် သံသယရှိသူ ကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
သံသယရှိသူတယောက်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာတော့ ဘိုလီးဗီးယားငွေ ၁ သိန်း ၃ သောင်း၊ အမေရိကန်ဒေါ်လာ ၅ သိန်း၊ ရွှေချောင်းအသေး ၄ ချောင်းနဲ့ တခြားသက်သေပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဒါတွေဟာ ဖမ်းဆီးခံထားရသူတင်မကဘဲ သူ့ရဲ့ လက်တွဲဖော်ကိုပါ အဲဒီရာဇဝတ်ဂိုဏ်းတွေရဲ့ တရားမဝင် လှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေကြောင်း သက်သေပြနေတယ်လို့ ဘိုလီးဗီးယားရဲချုပ် အေဒရီယန် အာဗာရက်ဇ်က ပြောပါတယ်။
ဖမ်းဆီးရမိသူတွေနဲ့ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို ပြသတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘိုလီးဗီးယားပြည်ထဲရေးဝန်ကြီး မာကိုအန်တိုနီယို အိုဗီယေဒိုက ကိုမန်ဒိုဗာမယ်ဟိုဂိုဏ်းနဲ့ PCC လို ဘရာဇီးမူးယစ်-အကြမ်းဖက်အဖွဲ့အစည်းတွေဟာ နယ်စပ်ဒေသစိုးမိုးရေးအတွက် လုယက် နေကြပြီး အဲဒီကနေဖြစ်လာတဲ့ အကြမ်းဖက်မှုတွေဟာ ဘိုလီးဗီးယားပြည်သူတွေကိုရော ပြိုင်ဘက် ဂိုဏ်းတွေကိုပါ ထိခိုက်နေတယ်လို့ သတိပေးပြောပါတယ်။
Source:Reuters











