ဘိုလီးဗီးယားနိုင်ငံရဲ့ ရှေ့နေချုပ် ရိုဟာ မာရီယာကာဟာ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုကို အဆင်ပြေ ချောမွေ့စေဖို့ လာဘ်စားခဲ့တယ်လို့ စွပ်စွဲခံရပြီး အမေရိကန်က သူ့ဗီဇာကို ပယ်ဖျက်လိုက်ပြီးနောက် ၂ ရက်အကြာမှာ ဖမ်းဆီးခံခဲ့ရကြောင်း အစိုးရဝန်ကြီး မာကို အိုဗီဒိုက အောက်တိုဘာ ၁ ရက်မှာ ပြောပါတယ်။
ရှေ့နေချုပ် မာရီယာကာကို တခြားလူ ၁၃ ယောက်နဲ့အတူ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့ပြီး ဒါဟာ တရားရေးမဏ္ဍိုင်နဲ့ ရှေ့နေချုပ်ရုံးတွေထဲမှာ မြှုပ်နှံထားတဲ့ ရာဇဝတ်အဖွဲ့အစည်းကို ပစ်မှတ်ထား ဖြိုခွင်းတဲ့ စစ်ဆင်ရေးတခု ဖြစ်တယ်လို့ အစိုးရဝန်ကြီး အိုဗီဒိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီဖမ်းဆီးမှုမှာ ဘိုလီးဗီးယား ရဲတပ်ဖွဲ့က အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပူးပေါင်းကူညီမှုနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးအတွင်း ရှေ့နေချုပ်ရုံးနဲ့ ဆန်တာခရုဇ်၊ လာပါ့ဇ် ရှေ့နေရုံးတွေက အဆင့်မြင့်တာဝန်ရှိသူ ၄ ယောက် အပါအဝင် လူ ၁၄ ယောက် အဖမ်းခံခဲ့ရတယ်လို့ ဝန်ကြီးက ဆိုပါတယ်။
အဲဒီထဲမှာ မာရီယာကာရဲ့ နေအိမ်ကနေ ငွေကြေးပမာဏ အမြောက်အမြားကို လူနာတင်ယာဉ်တစီးနဲ့ သယ်ထုတ်နေသူ ၄ ယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးဟာ ဥရုဂွေး မူးယစ်မှောင်ခိုသမား ဆီဘက်စတီယန် မာဆက်က သူ ဘိုလီးဗီးယားမှာ ဆက်နေပြီး သူ့လုပ်ငန်းတွေ ဆက်လုပ်နိုင်ဖို့ မာရီယာကာကို ဒေါ်လာ ၅ သိန်း ပေးထားခဲ့ရတယ်လို့ ပြောဆိုထားတဲ့ ဗီဒီယိုနဲ့ အသံဖိုင်တွေ ပျံ့နှံ့လာပြီးနောက်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
မာဆက်ကို မတ်လတုန်းက ဘိုလီးဗီးယားမှာ ဖမ်းမိခဲ့ပြီး နောက်ပိုင်းမှာ အမေရိကန်နိုင်ငံကို လွှဲပြောင်းပေးခဲ့တာဖြစ်ကာ အဲဒီမှာ တရားစွဲဆိုမှုကို ရင်ဆိုင်နေရပါတယ်။
ဒီဖမ်းဆီးမှုတွေဟာ လာပါ့ဇ်နဲ့ ဝါရှင်တန်တို့ရဲ့ ဆက်ဆံရေး တိုးတက်လာချိန်မှာ ထွက်ပေါ်လာတာပါ။ တနင်္လာနေ့တုန်းက အမေရိကန် နိုင်ငံခြားရေးဌာနက မာရီယာကာဟာ “မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို အဆင်ပြေစေဖို့နဲ့ အကြမ်းဖက်ရာဇဝတ်သားတွေ တရားစီရင်မှုကနေ ရှောင်တိမ်းနိုင်အောင်” လာဘ်စားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
မာရီယာကာ ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ သူကိုယ်တိုင် ကိုင်တွယ်စစ်ဆေးခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒေသတွင်း မီဒီယာတွေရဲ့ အဆိုအရ မာရီယာကာကို ဆန်တာခရုဇ်မြို့ ဗီရူဗီရူလေဆိပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ရှေ့နေချုပ်ရုံးရဲ့ လူမှုကွန်ရက်ကနေ တိုက်ရိုက်ထုတ်လွှင့်ချိန်မှာ တာဝန်ရှိသူတယောက်က ဒါဟာ “ပြန်ပေးဆွဲမှု” ဖြစ်တယ်လို့ ရှုတ်ချ ပြောဆိုခဲ့ပါတယ်။
အခုလို ဖမ်းဆီးခံရမှုကြောင့် ဥပဒေအရ ဟာကွက်မရှိစေဘဲ လုပ်ငန်းတွေ ဆက်လည်ပတ်နိုင်ဖို့အတွက် လုပ်သက်အကြီးဆုံး အထက်တန်းရှေ့နေ လူးဝစ် မွန်တာနိုကို ပြည်နယ်ရှေ့နေချုပ်အသစ်အဖြစ် ယာယီ ခန့်အပ်ထားပါတယ်။
Source: Reuters










