
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ သြဂုတ် ၈ ရက်ကနေ ၁၀ ရက်အတွင်း တော်လှန်ရေး တပ်ဖွဲ့တဖွဲ့ ဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် ပို့စ်အောက်မှာ Comment တွေ ဝင်ရေးတဲ့ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁ ယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သြဂုတ် ၁၀ ရက် ည ၇ နာရီဝန်းကျင်က သံဖြူဇရပ်မြို့အဝင်အထွက်၊ ဝယ်သွန်ချောင်းလမ်းဝဂိတ်မှာ စစ်အာဏာရှင်တပ်က အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတယောက်ရဲ့ ဖုန်းကို စစ်ဆေးပြီး ဖမ်းဆီးသွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“စစ်ဆေးရေးဂိတ်မှာ ဖုန်းတွေစစ်တော့ ကောင်မလေးတယောက်က ရေးဘီလူးပို့စ်အောက်မှာ မန့်ထားတာ တွေ့လို့ စစ်တပ်က ဆဲဆိုပြီး ဖမ်းတာ။ အဖမ်းခံရတဲ့ ကောင်မလေးက အောင်ကုသိုလ်ရပ်ကွက်မှာ နေတာ။”
ဖမ်းဆီးပြီးနောက် အဆိုပါအမျိုးသမီးကို သံဖြူဇရပ်မြိုနယ်ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံက ပြောပါတယ်။
သြဂုတ် ၈ ရက် ညနေ ၄ နာရီခွဲကလည်း သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာလမ်းဝ၊ သံဖြူဇရပ်-ကျိုက္ခမီသွားကားလမ်းမှာ မုဒုံမြို့နယ်နေ အသက် ၅၂ နှစ်အရွယ် ဦးဇင်မင်းခိုင် (ခ) ဦးမင်းမင်းကိုဖုန်းစစ်ဆေးပြီး ရေးဘီလူးပို့စ်အောက် မှတ်ချက်ရေးထားတယ်ဆိုပြီး အာဏာရှင်စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
အလားတူပဲ သြဂုတ် ၈ ရက် မနက် ၇ နာရီကလည်း သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာမှာ နေထိုင်တဲ့ မဖူးပွင့်ဝေကို ရေးဘီလူးပို့စ်အောက် မှတ်ချက်ဝင်ရေးတာနဲ့ အမေစုမွေးနေ့ ပို့စ်တင်ခဲ့အတွက် စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးထားတဲ့ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို သံဖြူဇရပ်မြို့နယ်ရဲစခန်းက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ အမှုဖွင့်ထားတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
သံဖြူဇရပ်မြို့နယ်မှာ သြဂုတ် ၁ ရက်မှ စတင်ကာ သံဖြူဇရပ်-ရေး ကားလမ်း၊ မော်လမြိုင်-သံဖြူဇရပ် ကားလမ်း၊ သံဖြူဇရပ်- ကျိုက်ခမီ ကားလမ်းနဲ့ သံဖြူဇရပ်-ဘုရားသုံးဆူ ကားလမ်းတွေမှာ စစ်အာဏာရှင်လက်အောက်ခံ ရဲတွေဟာ ခရီးသွားပြည်သူတွေကို ဖုန်းတွေ စစ်ဆေးပြီး ဖမ်းဆီးနေပါတယ်










