
ကိုယ်ကျင့်တရား ပျက်ပြားရင် ဒီမိုကရေစီတွေဟာ "လူများစုဗိုလ်ကျအုပ်စိုးမှု" အဖြစ် နိမ့်ပါးသက်ဆင်းသွားမဲ့ အန္တရာယ်ရှိနေတယ်လို့ ပုပ်ရဟန်းမင်းကြီး လီယိုက သတိပေး မိန့်ကြား လိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပုပ်ရဟန်းမင်းကြီးကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ပြီး ၂ ရက်အကြာ ဧပြီ ၁၄ ရက်မှာ ဗာတီကန်ကနေ ဒီစာကို ထုတ်ပြန်ခဲ့တာပါ။
ဒီမိုကရေစီစနစ်ဟာ ကိုယ်ကျင့်တရားအပေါ် အခြေခံမှသာ ကျန်းမာသန်စွမ်းတဲ့စနစ်တခုအဖြစ် တည်ရှိနိုင်မယ်လို့ သူက ဆိုပါတယ်။
ဒီလိုအခြေခံမရှိရင် ဒီမိုကရေစီဟာ လူများစု ဗိုလ်ကျအုပ်စိုးမှု ဒါမှမဟုတ် စီးပွားရေးနဲ့ နည်းပညာအထက်တန်းလွှာတွေရဲ့ လွှမ်းမိုးမှုကို ဖုံးကွယ်ထားတဲ့ မျက်နှာဖုံးတခု ဖြစ်သွားနိုင်တယ်လို့ လီယိုက ထောက်ပြပါတယ်။
အာဖရိကလေးနိုင်ငံကို ၁၀ ရက်ကြာ ခရီးစဉ်သွားရောက်နေချိန် ထုတ်ပြန်တဲ့ ဒီစာထဲမှာ အမေရိကန် ဒါမှမဟုတ် တခြားဘယ်ဒီမိုကရေစီနိုင်ငံကိုမှ တိုက်ရိုက်ရည်ညွှန်းထားတာမျိုး မရှိပါဘူး။
အမေရိကန်နဲ့ အစ္စရေးတို့ အီရန်အပေါ်ဆင်နွှဲနေတဲ့စစ်ပွဲကို ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့တဲ့အပေါ် သမ္မတထရမ့်ပ်ကလည်း ပြင်းပြင်းထန်ထန် ပြစ်တင်ခဲ့ပါတယ်။
ထရမ့်ပ် ဘယ်လိုပဲပြောပြော စစ်ကို ဆက်ဆန့်ကျင်သွားမယ်လို့ ပုပ်ရဟန်းမင်းက မိန့်ဆို ထားပါတယ်။
အာဏာရဲ့တရားဝင်မှုဆိုတာ စီးပွားရေးနဲ့ နည်းပညာအင်အားတွေ စုဆောင်းထားမှုအပေါ်မှာ မူမတည်ဘဲ ဉာဏ်ပညာနဲ့ ကိုယ်ကျင့်တရားအပေါ်မှာပဲ မူတည်တယ်လို့ ဧပြီ ၁၄ ရက်က ထုတ်ပြန်တဲ့စာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အာဏာအလွဲသုံးစားလုပ်တာကို ကာကွယ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်တာကို ထိန်းချုပ်ဖို့ ခေါင်းဆောင်တွေအနေနဲ့ ဆင်ဆင်ခြင်ခြင်ကျင့်သုံးကြဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းထားပါတယ်။










