
မြန်မာနိုင်ငံက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာစန်း၊ ကိုနန်းလင်း၊ ကိုထက်မြက်အောင်နဲ့ သပိတ်အင်အားစုများ ညှိနှိုင်းရေးအဖွဲ့ (GSCB) တို့ကို ချက်နိုင်ငံ Forum 2000 က နိုင်ငံတကာ ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှုဆိုင်ရာဆု ချီးမြှင့်လိုက်ပါတယ်။
အောက်တိုဘာ ၁၁ ရက် မနေ့ညနေပိုင်းက ချက်နိုင်ငံ၊ ပရာ့ဂ်မြို့မှာ ကျင်းပတဲ့ အကြိမ် ၃၀ မြောက် Forum 2000 ညီလာခံဖွင့်ပွဲအခမ်းအနားမှာ ဒီဆုကို ချီးမြှင့်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ဆုပေးအပ်တဲ့ Forum 2000 Foundation ရဲ့ အမှုဆောင်ဒါရိုက်တာ ယာကွဗ်ကလေးပယ်လ်က “သူတို့ဟာ တယောက်ချင်းအနေနဲ့တင်မဟုတ်ဘဲ ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ထောင်ဒဏ်ကျခံရမှု ခြိမ်းခြောက်မှုတွေကြား ဖိနှိပ်ချုပ်ချယ်ထားတဲ့အခြေအနေအောက်မှာ ဆက်လည်ပတ်နိုင်၊ ပြုပြင်ပြောင်းလဲနိုင်ပြီး အားကျအတုယူဖွယ်ဖြစ်စေတဲ့ ကွန်ရက်တခုကို တည်ဆောက်သူတွေအဖြစ် သမိုင်းမှတ်တမ်းကောင်းကို ချန်ထားရစ်ခဲ့တာ ဖြစ်ပါတယ်။ လူမှုရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေး ကွဲပြားမှုတွေကို ကျော်လွန်ပြီး ညီညွတ်မှုရဲ့ စွမ်းအားထက်တဲ့ နမူနာတခုဖြစ်တဲ့ အထွေထွေသပိတ် ပူးပေါင်းဆောင်ရွက်ရေးကော်မတီရဲ့ ဆောင်ရွက်ချက်တွေဟာလည်း အကြမ်းမဖက် ငြိမ်းချမ်းစွာ ရေရှည်တွန်းလှန်မှုဟာ အဆိုးရွားဆုံး အခြေအနေတွေအောက်မှာတောင် ထွန်းကားရှင်သန်နိုင်တယ် ဆိုတာကို သက်သေပြနေပါတယ်။ သူရဲ့ သန္နိဋ္ဌာန်ဟာ တခြား ထောင်ပေါင်းများစွာသော ပြည်သူတွေအတွက် အားတက်ဖွယ် စံနမူနာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီဆုဟာ လူပုဂ္ဂိုလ်တယောက်ချင်းရဲ့ ကြိုးပမ်းမှုကို အသိအမှတ်ပြုတာသာမက မြန်မာ့နွေဦးတော်လှန်ရေး၊ လူထုလှုပ်ရှားမှုနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခုခံနေကြတဲ့ ပြည်သူလူထု တရပ်လုံးရဲ့ သတ္တိ၊ ဇွဲလုံ့လနဲ့ စွန့်လွှတ်အနစ်နာခံမှုတို့ကိုလည်း ကိုယ်စားပြုတဲ့ အသိအမှတ်ပြုမှု တခုဖြစ်တယ်လို့ GSCB အဖွဲ့က ထုတ်ပြန်ပါတယ်။
Forum 2000 ရဲ့ အခုနှစ် ဆောင်ပုဒ်ဖြစ်တဲ့ အာဏာမဲ့သူတွေရဲ့ စွမ်းအားကို ပြန်လည်ပုံဖော်ခြင်း ဆိုတာလို ယနေ့နွေဦးတော်လှန်ရေးဟာ အာဏာမဲ့ ပြည်သူလူထုတွေရဲ့ စုပေါင်းအားနဲ့ အာဏာရှင် အကြမ်းဖက်စစ်တပ်ကို ခုခံတော်လှန်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲ တခုပင် ဖြစ်တယ်၊ စုပေါင်းစွမ်းအား၊ ဒီမိုကရေစီအပေါ် တန်ဖိုးထား ယုံကြည်မှု၊ ကြံ့ကြံ့ခံ တွန်းလှန်နိုင်စွမ်း စတဲ့ စွမ်းသတ္တိတွေ၊ တန်ဖိုးထားမှုတွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးဆီ မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း GSCB က ပြောပါတယ်။
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာ့အရေးအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုတာ ဖိအားပေးတာတွေထက် ကျော်လွန်ပြီး အကြမ်းဖက်စစ်အုပ်စုကို သူ့ရဲ့ အကြမ်းဖက်မှုတွေအပေါ်မှာ တာဝန်ခံမှုရှိစေဖို့ ထိရောက်ပြီး လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
Forum 2000 ညီလာခံကို ကွယ်လွန်သွားပြီဖြစ်တဲ့ ချက်သမ္မတနိုင်ငံရဲ့ သမ္မတကြီး ဗားဆလပ်ဟာဗယ်က တည်ထောင်ခဲ့တဲ့တာဖြစ်ပြီး အခုပေးအပ်တဲ့ ဆုကတော့ ဆဋ္ဌမအကြိမ်မြောက် ပေးအပ်တာ ဖြစ်ပါတယ်။
ဆုရရှိခဲ့သူတယောက်ဖြစ်တဲ့ ဒေါက်တာတေဇာစန်းဟာ မြန်မာနိုင်ငံရဲ့ အကြမ်းမဖက် ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ အထင်ရှားဆုံး ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ ကိုနန်းလင်းကတော့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တည်ထောင်ရာမှာ ပူးတွဲပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ပြောက်ကျားသပိတ်တွေ လုပ်ဆောင်ခဲ့သူပါ။
ကိုထက်မြက်အောင်ကတော့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာမှာ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရကာ နောက်ပိုင်းမှာ ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။











