DVB Logo
Home
မြန်မာသတင်း
Forum 2000 ဆုက မြန်မာပြည်သူများ၏ သတ္တိကို အသိအမှတ်ပြုပေးအပ်သည့်ဆုဖြစ်ဟု ဒေါက်တာတေဇာစန်း ပြော
ဝေဝေ
·
October 12, 2026
Forum 2000 ဆုက မြန်မာပြည်သူများ၏ သတ္တိကို အသိအမှတ်ပြုပေးအပ်သည့်ဆုဖြစ်ဟု ဒေါက်တာတေဇာစန်း ပြော
1 / 2
Photo: GSCB
Donate to DVB

Forum 2000 ဆုဟာ မြန်မာပြည်သူတွေရဲ့ သတ္တိနဲ့ ဇွဲလုံ့လဝီရိယကို အသိအမှတ်ပြုတဲ့ပေးအပ်တဲ့ ဆုဖြစ်ပြီး နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးတွေကို လျစ်လျူမရှုထားကြောင်း သက်သေပြနေတာ ဖြစ်တယ်လို့ ပူးတွဲဆုရှင်တယောက်ဖြစ်တဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက DVB ကို ပြောပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ကြသူတွေဖြစ်တဲ့ ဒေါက်တာတေဇာစန်း၊ ကိုနန်းလင်း၊ ကိုထက်မြက်အောင်နဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) တို့ကို နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်စနစ်ကို လူထုလှုပ်ရှားမှု နည်းလမ်းတွေနဲ့ ဆက်လက်ဆန့်ကျင်ခဲ့မှုအတွက် ချက်သမ္မတနိုင်ငံ အခြေစိုက် Forum 2000 ဖောင်ဒေးရှင်းကနေ ရဲရင့်မှုနှင့် တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆု ချီးမြှင့်ခဲ့တာပါ။

ဒီဆုရရှိခဲ့တာနဲ့ ပတ်သက်ပြီး ဒေါက်တာတေဇာစန်းက “ခုလို ဆုပေးအပ်တယ်၊ ချီးမြှင့်တယ် ဆိုတာကတော့ ၅၅ သန်းကျော်သော မြန်မာပြည်သူလူထုရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးမှာ ထည့်ဝင်အားစိုက်နေကြတဲ့ သတ္တိ၊ လုံ့လ၊ ဝီရိယ၊ ဇွဲနပဲ ဒါတွေကို ဂုဏ်ပြုတယ်၊ အသိအမှတ်ပြုတယ်၊ တန်ဖိုးထားတယ်၊ စာနာတယ်လို့ပဲ ကျနော်တို့ ဒီလိုပဲ ခံယူပါတယ်ခင်ဗျ။ နိုင်ငံတကာအနေနဲ့လည်း ကျနော်တို့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်နေတယ် ဆိုတာကိုလည်း ဒီလို ဆုပေးအပ်ချီးမြှင့်ခြင်းက ထပ်လောင်း သက်သေပြတယ်လို့ ကျနော်တို့ ခံယူပါတယ်။ ကျနော်တို့မျိုးဆက်သည် ယနေ့မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်ရတာ၊ စစ်အာဏာသိမ်းမှုကို ကြုံတွေ့ရတာ နောက်ဆုံးမျိုးဆက် ဖြစ်ကို ဖြစ်ရမယ်။ နောင်လာမဲ့ မျိုးဆက်သစ်တွေလက်ထဲကို ကျနော်တို့အနေနဲ့ နေပျော်တဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာတဲ့၊ လူကို လူလိုဆက်ဆံတဲ့ နိုင်ငံတော်သစ်တခုကို လက်ဆင့်ကမ်း အမွေပေးခဲ့နိုင်ရမယ်ဆိုတာ ဒါ ယနေ့ ကျနော်တို့ မြန်မာပြည်သူတွေရဲ့ ယနေ့ ကျနော်တို့ မျိုးဆက်တွေရဲ့ အင်မတန်မှ ခိုင်မာတဲ့ သန္နိဋ္ဌာန်လည်း ဖြစ်ပါတယ်ခင်ဗျ”လို့ပြောပါတယ်။

အောက်တိုဘာ ၁၁ ရက်က ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့မှာ ကျင်းပတဲ့ Forum 2000 ဖောင်ဒေးရှင်းရဲ့ နှစ် ၃၀ ပြည့် ညီလာခံမှာ ဆုကို ကြေညာပေးအပ်ခဲ့တာဖြစ်ပြီး ဆုရရှိသူတွေကိုယ်စား GSCB အတွင်းရေးမှူးအဖွဲ့ဝင်တွေ တက်ရောက် လက်ခံခဲ့ပါတယ်။

ဆုရရှိသူတွေထဲက ကိုထက်မြက်အောင်ကတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံထားရကာ လက်ရှိအချိန်အထိ အကျဉ်းထောင်အတွင်း ရှိနေပါတယ်။

ဆုရရှိခဲ့သူတွေ ကိုယ်စား အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC) အတွင်းရေးမှူး ကို Stan ၊ GSCB အတွင်းရေးမှူး မချမ်းနဲ့ ကိုဘုန်းသစ် တို့က ကိုယ်စား လက်ခံရယူခဲ့ကြပါတယ်။

နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးကိစ္စတွေကို သိနားလည်တာ၊ ဆက်လက် စောင့်ကြည့်နေတာတွေ ရှိပြီး အသိအမှတ်ပြုတာတွေလည်း ဆက်ရှိနေသေးကြောင်းနဲ့ ညီလာခံကို တက်ရောက်ခဲ့တဲ့ နိုင်ငံတကာက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ စကားပြောခွင့်ရခဲ့တဲ့အကြောင်း AFCC အတွင်းရေးမှူး ကိုStan က ပြောပါတယ်။

“အခုလိုမျိုး နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေ အားလုံးပါဝင်တဲ့ အစည်းအဝေး ဖိုရမ်မှာ ကျနော်တို့ကို ဒီဆုချီးမြှင့်ခြင်းဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့အရေး မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုနဲ့ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေအတွက် နိုင်ငံတကာမှာ အများကြီး ပြန်ပြောကြဖို့အတွက် လမ်းစလို့လည်း မြင်တယ်။ ကျနော်တို့အနေနဲ့ ဒီအခွင့်အရေးကို အသုံးချပြီးတော့ အများကြီး ဆက်ကြိုးစားပြီးတော့ ကျနော်တို့ အခက်အခဲတွေ၊ ကျနော်တို့ရဲ့ လက်ရှိလှုပ်ရှားမှုတွေကို ကမ္ဘာကသိအောင်လို့ လုပ်လိုက်တဲ့ အခွင့်အလမ်းတွေလည်း ပေါ်လာတယ်လို့ မြင်ပါတယ်။ လက်တွေ့ကျတဲ့ ကူညီမှုတွေကို ကျနော်တို့ ကူညီပေးတာ၊ ဖော်ဆောင်တာကနေ စပြီးတော့ နိုင်ငံရေးအရ အသိအမှတ်ပြုမှုအထိ ကျနော်တို့ကို ဘယ်လိုနည်းလမ်းတွေနဲ့ ကူညီပေးနိုင်မလဲ ဆိုတဲ့ဟာတွေကိုတော့ အသေးစိတ် ဆွေးနွေးခဲ့တာ၊ ပြောဆိုခဲ့တာတွေတော့ ရှိပါတယ်။”

Forum 2000 Foundation ကို ၁၉၉၆ ခုနှစ်မှာ ချက်သမ္မတဟောင်း ဗားကလပ်ဟာဗဲလ်၊ ဂျပန် ပရဟိတသမား ယိုဟဲအိ ဆာဆာကာဝါနဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် အီလီဝီဆဲလ်တို့က ပူးတွဲ တည်ထောင်ခဲ့ကြတာဖြစ်ပြီး ညီလာခံတွေကိုတော့ ချက်သမ္မတနိုင်ငံမှာ တနှစ် တကြိမ် ကျင်းပလေ့ရှိပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013