
အမေရိကန်အခြေစိုက် ဒီမိုကရေစီရန်ပုံငွေအဖွဲ့က ချီးမြင့်တဲ့ ဒီမိုကရေစီဆု Democracy Award ဟာ လူထုရဲ့ ရုန်းကန်တိုက်ပွဲဝင်မှုတွေကို အသိအမှတ်ပြုတဲ့ဆု ဖြစ်တယ်လို့ လူထုလှုပ်ရှားမှု ဦးဆောင်သူတဦးဖြစ်တဲ့ ကိုနန်းလင်းက DVB ကို ပြောပါတယ်။
အမေရိကန်အခြေစိုက် ဒီမိုကရေစီရန်ပုံငွေအဖွဲ့ National Endowment for Democracy (NED) က ပေးတဲ့ ဒီမိုကရေစီဆုကို မြန်မာနိုင်ငံ နွေဦးတော်လှန်ရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ လူထုအခြေပြု စည်းရုံးလှုံ့ဆော်သူတွေကို ဆုချီးမြှင့်ဖို့ ရွေးချယ်ထားတာ ဖြစ်ပါတယ်။
ဒီဆုကိုတော့ နွေဦးတော်လှန်ရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ လူထုအခြေပြု စည်းရုံးလှုံ့ဆော်သူတွေ ကိုယ်စားလူထုလှုပ်ရှားမှု ဦးဆောင်သူတဦး ဖြစ်တဲ့ ကိုနန်းလင်းက လက်ခံရယူမှာ ဖြစ်ပါတယ်။
ဒီဆုဟာ ဒီမိုကရေစီအရေးလှုပ်ရှားနေကြတဲ့ ရဲဘော်တွေနဲ့ ပြည်သူအားလုံးရဲ့ဆုဖြစ်ပြီး ဒီဆု ရရှိတာကြောင့် ရှေ့ဆက်အားဖြစ်စေတယ်လို့ ကိုနန်းလင်းက ဆုလက်ခံရယူမဲ့အကြောင်းနဲ့ ရှေ့ဆက်လုပ်ဆောင်သွားမဲ့ လှုပ်ရှားမှုတွေအကြောင်း DVB ကို ပြောပါတယ်။
“ပြည်သူတွေ အများကြီး ဒီတဖက်က ဖိနှိပ်မှုတွေ၊ တဖက်က ခေတ်ဆိုး ခေတ်ကပ်ဘေးတွေ ကျနော်တို့ ကြုံရတယ်။ တဖက်ကလည်း စီးပွားရေး ကျပ်တည်းမှုတွေ အများကြီးရှိတယ်။ တကယ့် နေ့စဉ်ဘဝတွေက မလုံခြုံမှုတွေ၊ ဒုက္ခသုက္ခတွေနဲ့ ဖြတ်သန်းနေရတာ။ အဲ့လို ဖြတ်သန်းမှုထဲကပဲ လူထုကတော်လှန်ရေးကို ဒီကနေ့ ဒီအချိန်ထိ ခိုင်ခိုင်မာမာ ပါဝင်နေတာ ဖြစ်တယ်။ ဖြစ်တဲ့ အခါကျတော့ လူထုအတွက်လည်း ဒါ ဘာပဲဖြစ်ဖြစ် အင်အားတရပ် ဖြစ်စေဖို့၊ လူထုရဲ့ ရုန်းကန်မှု၊ တိုက်ပွဲဝင်မှု၊ ထောက်ခံမှုတွေကို ဒါ အသိအမှတ်ပြုတဲ့ ဆုလို့ ကျနော်မြင်တယ်လေ။ ဒါကြောင့်လည်း ကျနော်တို့အတွက် အများကြီးတော့ အားဖြစ်စေပါတယ်။ ကျနော်တို့ ရှေ့ဆက်ပြီးတော့ လှုပ်ရှားမှု၊ လုပ်ငန်းတွေကို သေချာ တည်ဆောက်စည်းရုံးပြီးတော့ လုပ်သွားဖို့အတွက် ကျနော်တို့ ပြင်ဆင်နေကြပါတယ်ခင်ဗျ။ မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တယောက်ချင်းစီတိုင်းဟာ ဒီဆုရဲ့ ပိုင်ရှင်တွေ ဖြစ်တယ်လို့တော့ ကျနော် ပြောချင်ပါတယ်။”
ဒီမိုကရေစီဆု ချီးမြှင့်တဲ့အဖွဲ့ NED အနေနဲ့ ငြိမ်းချမ်းစွာ ဆောင်ရွက်နေတဲ့ တက်ကြွလှုပ်ရှားသူတွေကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုရဲ့ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတခုအဖြစ် ရှုမြင်သလို၊ မြန်မာသမိုင်းတလျှောက် ဒီမိုကရေစီအရေး လှုပ်ရှားမှုခေါင်းဆောင်တွေရဲ့ လက်ဆင့်ကမ်း လှုပ်ရှားမှု တစိတ်တပိုင်းအဖြစ်လည်း ရှုမြင်ကြောင်း DVB ရဲ့ မေးမြန်းချက်ကို စာနဲ့ပြန်လည်ဖြေကြားပါတယ်။
NED ပြောရေးဆိုခွင့်ရှိသူတယောက်က “ကိုနန်းလင်းနဲ့ တခြားတက်ကြွလှုပ်ရှားသူတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကို လူထုအတွင်း အမြစ်တွယ်နေစေဖို့ တွန်းအားပေးနေတဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေကို ကိုယ်စားပြုနေတာပါ။ ဖိအားတွေအောက်မှာ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်စွမ်း၊ တီထွင်ဖန်တီးမှုရှိရှိ စုစည်းလှုပ်ရှားနိုင်စွမ်းနဲ့ မျှော်လင့် ချက်ကို ဆက်လက်ရှင်သန်စေနိုင်စွမ်းတို့ကို အတုယူနိုင်ကြမှာ ဖြစ်ပါတယ်။ သူတို့ဟာ အလွန်ခက်ခဲ ကြမ်းတမ်းတဲ့ အခြေအနေတွေအောက်မှာ လူထုပါဝင် ဆောင်ရွက်မှုကို ဆက်လက် ရှင်သန်စေဖို့၊ လူ့အဖွဲ့အစည်းတွေကို ကာကွယ်ဖို့၊ အတိုက်အခံတွေဦးဆောင်တဲ့ အုပ်ချုပ်ရေးယန္တရားကို ပံ့ပိုးကူညီဖို့နဲ့ ဒီမိုကရေစီစံနှုန်းတွေကို ရှင်သန်နေစေဖို့ ကူညီပေးနေကြတာပါ။ ဒါကြောင့်မို့ သူတို့ကို ဒီမိုကရေစီဆုနဲ့ အသိအမှတ်ပြု ချီးမြှင့်ခြင်းဟာ သူတို့ရဲ့ သတ္တိ၊ ခေါင်းဆောင်မှုနဲ့ ပေးဆပ်စွန့်လွှတ်မှု တွေကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုခြင်းပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
NED ရဲ့ ၂၀၂၆ ဒီမိုကရေစီဆုရှင်တွေကတော့ ရုရှား၊ ကျူးဘား၊ ဆီးရီးယား၊ အီသီယိုးပီးယားနဲ့ မြန်မာနိုင်ငံတို့က ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ ပါဝင်ပါတယ်။ ဆုပေးပွဲကိုတော့ လာမဲ့ စက်တင်ဘာလထဲ အမေရိကန်နိုင်ငံ မောင့်ဗာနွန်မှာ ကျင်းပမှာဖြစ်ပါတယ်။










