
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းက မှန်ချိုရွာ၊ ဆင်မြေရွာ၊ ငါးလုံးတင်စတဲ့ ကျေးရွာတွေကို စစ်အာဏာရှင်တပ်က ဇွန် ၁၁ ရက် မနက် ၉ နာရီလောက်ကစပြီး မီးရှို့နေတယ်လို့ ချောင်းဦး ဒေသခံတွေက ပြောပါတယ်။
အဆိုပါ စစ်ကြောင်းဟာ ချောင်းဦးမြို့ကနေ ဇွန် ၉ ရက်က စတင်ထွက်ခွာလာပြီး အင်အား ၃၀၀ လောက် ပါရှိတယ်လို့လည်း သိရပါတယ်။
ဒေသခံရွာသားတယောက်က “ဆင်မြေရွာကို အရင်ဆုံး ဇွန် ၉ ရက်မနက်ခင်း ၉ နာရီအချိန်က မီးစရှို့တာ။ အဲဒီရက်က အိမ်တလုံးတည်းကို မီးရှို့တာ။ ဇွန် ၁၀ ရက်နေ့ မနက်ခင်းပိုင်းကျတော့ ကားကြီး ၇ စီးနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ချောင်ဦးမြို့ပေါ်ကို သယ်သွားပြီး ညနေ ၄ နာရီ လောက် မှာ ရွာကို ထပ်မီးရှို့တယ်။ အခု ဇွန်လ ၁၁ ရက်နေ့ မနက်ခင်းပိုင်းကျတော့ မှန်ချိုရွာ၊ ဆင်မြေရွာ၊ ငါးလုံးတင်ရွာ အဲဒီ ၃ ရွာစလုံးကို မီးရှို့နေကြတာ”လို့ ပြောပါတယ်။
အခုလို စစ်တပ်ကရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ နေကြ ရပြီး အဝေးကနေပဲလှမ်းကြည့်နေရကာ ရွာလုံးကျွတ် မီးလောင်ပြာကျနိုင်တယ်လို့ ဒေသခံ ရွာသား တွေက ပြောပါတယ်။
ချောင်းဦးမြို့နယ် PDF ခေါင်းဆောင်တယောက်က “ပြည်သူ့ပစ္စည်းခိုးယူတဲ့ သူခိုးတပ်မတော်၊ Standard သူခိုးတပ်မတော်ကြီးလာပါပြီ။ ဗြောင်လိမ်ဗြောင်ခိုးတဲ့ တပ်မတော်ပါခင်ဗျ။ အခု စစ်မနိုင်လို့ ပြည်သူ့ ရွာတွေကို မီးရှို့နေကြတာ။ ကိုယ့်ဟာကိုယ် ညံ့လို့စစ်ရှုံးတာပဲဗျာ။ စစ်မနိုင်လို့ ပြည်သူ့ရွာတွေ မီးရှို့တာဆိုတော့ စဉ်းစားသာ ကြည့်လိုက်တော့။ ရှက်တတ်ရင် လဲသေလို့ရတယ်။ ပြည်သူက လက်နက်ကိုင်ထားတဲ့သူတိုင်းကို ကြောက်ရတယ်ဆိုတာ သိသိကြီးနဲ့ ပြည်သူကို ဘဝပျက်၊ ဆင်းရဲတွင်းထဲပို့တာ။ လေးစားစရာတကွက်မှ မရှိတဲ့ မင်းအောင်လှိုင်ရဲ့ ကျွန်သပေါက် လက်နက်ကိုင်(-)တွေလိုပဲ ကျနော်တို့ ပြောချင်တယ်” လို့ ပြောပါတယ်။
အဆိုပါကျေးရွာတွေအနီးမှာ မေလပိုင်းအကုန်နဲ့ ဇွန်လဆန်းပိုင်းက စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးအင်းအားစုတွေ တိုက်ပွဲဖြစ်ပွားခဲ့တာရှိခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်ကျဆုံးသူတွေ ရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေဟာ နေရပ်စွန်ခွာနေကြရတာဟာ သတင်း ၂ ပတ် လောက်ကြာမြင့် နေပြီ ဖြစ်ပါတယ်။










