
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့၊ ရပ်ကွက် ၆ မှာ ဇွန် ၈ ရက် မနက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖို့မြေထိန်း ကမ်းပါးရံအုတ်တံတိုင်း ပြိုကျပြီး နေအိမ်တလုံးပေါ် ပိမိရာက အသက်ကြီးပိုင်း အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီနေ့မနက် ၄ နာရီခွဲဝန်းကျင်က ကမ်းပါးရံအုတ်တံတိုင်း ပြိုကျပြီး မြေစာပိမိလို့ အိမ်အတွင်းမှာရှိနေတဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“ကလေးကတော့ ထိခိုက်မှုမရှိဘူး။ လူကြီးတယောက်ပဲ ပိမိပြီး သေဆုံးသွားတာ။”
မိုးသည်းထန်စွာ ရွာသွန်းနေချိန် ဖြစ်ပွားခဲ့တာကြောင့် အိမ်ထဲမှာရှိသူတွေက မြေပြိုကျလာတာကို သတိမထားမိခဲ့ဘူးလို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ မိုးဆက်လက် ရွာသွန်းနေတဲ့အတွက် မြို့ပေါ်ရပ်ကွက်တချို့မှာ ရေဝင်ရောက်နေသလို ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်းတချို့လည်း ပြိုကျနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ် ဒေသခံတယောက်က “အိမ်ကို အုတ်တံတိုင်း ပြိုကျတာ။ ကိုယ့်ဘာသာကိုယ် စီထားတဲ့ အုတ်တံတိုင်း ပြိုကျတာ။ အဲဒါကြောင့် ပိမိသွားတာ” လို့ ပြောပါတယ်။
ရပ်ကွက် ၆ ဘက်မှာ ကမ်းပါးရံအောက်တွေကို ကျောက်တုံးကြီးတွေနဲ့ စီပြီး အုတ်တံတိုင်းကာကာ ဖို့မြေဖို့ထားတဲ့ နေအိမ်တွေ များပြားတာကြောင့် နောက်ထပ် မြေပြိုနိုင်တဲ့အန္တရာယ် ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
မြေထပ်ပြိုနိုင်တဲ့ နေရာတွေမှာ နေထိုင်သူတွေကိုတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
တန့်ယန်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး သေဆုံးသူ အမျိုးသမီးရဲ့ ရုပ်အလောင်းကို တန့်ယန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် နေရာအများအပြားမှာ မိုးထစ်ချုန်းရွာနိုင်ပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်းနဲ့ မိုးကြိုးပစ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇွန် ၈ ရက် မိုးလေဝသခန့်မှန်းချက်မှာ သတိပေးထားပါတယ်။











