
ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်က ယာယီစစ်စခန်းကနေ ထွက်ပြေးတဲ့ စစ်အာဏာရှင် တပ်သား ၁၁ ယောက်ထဲက ၃ ယောက် ပစ်ခတ် ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူ တွေဆီက သိရပါတယ်။
ဇူလိုင် ၅ ရက် ညနေပိုင်းက သာပေါင်းမြို့နယ်၊ ဘုရားကြီးနဲ့ ဝါးတောကွင်း ယာယီစစ်စခန်းတွေကနေ စစ်သား ၁၁ ယောက် ထွက်ပြေးသွားတာဖြစ်ပြီး ၃ ယောက်က ဇူလိုင် ၆ ရက် ညနေမှာ ပစ်ခတ် ဖမ်းဆီးခံခဲ့ရပြီး ၈ ယောက် လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူက “မနေ့ ညနေ ၇ နာရီကျော်ကျော်မှာ ပြန်ဖမ်းခံရတာ။ စစ်တပ်က လိုက်ပြီး သေနတ်နဲ့ ပစ်ခတ်ဖမ်းတာ။ ပြန်မိတဲ့ ၃ ယောက်ထဲက ၂ ယောက်က သေနတ်ဒဏ်ရာတွေ မနည်းရထားတယ်။ လောလောဆယ်တော့ မသေသေးဘူး” လို့ ပြောပါတယ်။
ထွက်ပြေးတဲ့ စစ်သား ၁၁ ယောက်ထဲက ၃ ယောက်ကို စစ်အာဏာရှင်တပ်သားတွေ တပ်စွဲထားတဲ့ ဝါးတောကွင်းကျေးရွာနဲ့ ၁၀ မိုင်ကျော်ကျော်လောက်အကွာမှာ ပြန်လည်ဖမ်းမိခဲ့တာဖြစ်ပြီး ခြေထောက်တွေကို အဓိက သေနတ်ပစ်ခတ်ခံထားရတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတယောက်က “ပစ်ခတ်သံတွေ ကြားရတော့ တိုက်ပွဲဖြစ်တယ်လို့ ထင်တာ။ စစ်သားတွေ၊ ရဲတွေ၊ ပြည်သူ့စစ်တွေချည်းပဲ တွေ့လို့ စုံစမ်းတော့မှ ထွက်ပြေးစစ်သားတွေ ကို ပစ်ခတ်ဖမ်းတာလို့ သိရတာ။ ကြိုးတွေနဲ့ တုပ်ခေါ်သွားတာတော့ တွေ့ရတယ်” လို့ ပြောပါတယ်။
ထွက်ပြေးတဲ့ စစ်သားတွေထဲမှာ စစ်မှုထမ်း တပ်သားသစ်တွေ ပါဝင်ပြီး စစ်တပ်ရဲ့ သတင်းပေးတချို့ နဲ့ နယ်မြေခံအုပ်ချုပ်ရေးမှူးတွေရဲ့ သတင်းပေးမှုကြောင့် ပြန်လည်ဖမ်းဆီး ခံရတာလို့ သိရပါတယ်။
ဒါ့အပြင် စစ်တပ်နဲ့ ရဲတွေက ထွက်ပြေးစစ်သားတွေကို လက်ခံမထားဖို့၊ တွေ့ရှိပါက အကြောင်းကြား ဆက်သွယ်ပေးဖို့၊ ဝှက်ထားပါက လက်ခံထားသူတွေပါ ဖမ်းဆီးခံရမယ်ဆိုပြီး အရပ်သားတွေကို ခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဆိုပါတယ်။










