
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်က ဘာကြောင့် နေရာရွှေ့ပြောင်း ချုပ်နှောင်လိုက်တာလဲဆိုတာနဲ့ပတ်သက်ပြီး ဥပဒေကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေး လှုပ်ရှားသူကြားမှာ အမြင်အမျိုးမျိုးရှိနေပါတယ်။
လူထုခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ ချုပ်နှောင်လိုက်တယ်လို့ စစ်ခေါင်းဆောင်က ဧပြီ ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။
ကဆုန်လပြည့်နေ့ အကျဉ်းသား ၁,၅၀၀ ကျော်လွတ်ငြိမ်းခွင့်ပေးတဲ့ သတင်းတွေနဲ့အတူ လူသားချင်း စာနာမှု၊ မေတ္တာ၊ စေတနာ ထားသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁) အရ ကျန်တဲ့ပြစ်ဒဏ်တွေကို သတ်မှတ်ထားတဲ့နေအိမ်မှာ ဆက်လက် ကျခံစေဖို့ ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း စစ်အာဏာရှင် သမ္မတက ထုတ်ပြန်ခဲ့တာပါ။
ဒီထုတ်ပြန်ချက်ဟာ ၂၀၂၁ စစ်အာဏာစသိမ်းတဲ့ အချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေမဲ့ ဖမ်းဆီးတရားစွဲဆိုပြီး နည်းပေါင်းစုံနဲ့ ပြောင်းရွှေ့ချုပ်နှောင်ခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ သမ္မတရာထူး ရယူပြီးနောက်မှာတော့ သတ်မှတ်နေရာတခုမှာ ထပ်မံရွေ့ပြောင်းလိုက်တာပါ။
ဒီလုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ဥပဒေပညာရှင်တယောက်က “တည်ဆဲဥပဒေအရ၊ တခြားနည်း ပြဋ္ဌာန်းထားချက်မရှိရင်၊ ထောင်ချခံထိုက်သူ သို့မဟုတ် အချုပ်ခံထိုက်သူကို မည်သည့်အရပ်တွင် ချုပ်နှောင်ထားရမည့်အကြောင်း နိုင်ငံတော်သမ္မတက ညွှန်ကြားနိုင်သည်ဆိုတဲ့ ပုဒ်မ ၅၄၁ (၁) နဲ့ သူက ညွှန်ကြားတာ၊ တည်ဆဲဥပဒေပေါ့၊ ရာဇဝတ်ရုံးတွေရဲ့လုပ်ထုံးလုပ်နည်းတွေကို ရေးထားတဲ့ ရာဇဝတ်ကျင့်ထုံးပါ၊ အဲ့ဒီဥပဒေက ၁၈၉၈ ကတည်းက ရေးခဲ့တာ၊ နဝတခေတ်တုန်းက နေအိမ်အကျယ်ချုပ်ထားတာက အမိန့်တွေနဲ့ထားတာ၊ လုပ်ပိုင်ခွင့်တွေနဲ့ထားတာ၊ တရားစွဲတာ မဟုတ်ဘူး၊ တချို့ကျတော့ တရားစွဲပြီး အမိန့်ချပြီးမှ ထားတာ၊ အကုန်လုံးက ပြစ်ဒဏ်ချပြီးတဲ့နောက် တွေ့ခွင့်မရဘဲနဲ့ အမိန့်နဲ့ပဲ သူတို့ လက်ထဲမှာပဲ ထောင်ပြောင်းပြီးတော့ နေရာသတ်မှတ်တာ တွေလုပ်နေကြတာ၊ တွေ့ခွင့်မရတော့ ဘာမှအတိအကျ မသိရဘူး” လို့ ပြောပါတယ်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁) မှာ အချုပ်အနှောင်ခံရသူအတွက် ဧည့်တွေ့ခွင့်၊ မိသားစုတွေ့ဆုံခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ရှိမရှိ စတာတွေကို သီးခြားပြဋ္ဌာန်း ထားတာမရှိတဲ့အတွက် အာဏာပိုင်တွေ စိတ်ကြိုက်ဆောင်ရွက်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။
ရာဇဝတ်ကျင့်ထုံးကို ဥပဒေအဖြစ်ခေါ်ဝေါ်အသုံးပြုကြပေမဲ့ တရားရုံးက အရေးယူဆောင်ရွက်ဖို့ လိုအပ်တဲ့ ကိစ္စရပ်တွေအတွက် တည်ဆဲဥပဒေတရပ် ပြဋ္ဌာန်းထားတာမရှိတဲ့ အခြေအနေတွေမှာ တရားသူကြီးက သင့်တော်မဲ့ အရေးယူမှုတွေကို လုပ်ခဲ့တဲ့ စီရင်ထုံးတွေကို မှတ်တမ်းပြုထားတာ မျိုးဖြစ်တယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရှိသူ လင်ကျန်းတို့ရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့မှတ်ချက်တွေထွက်ပေါ်လာပြီး အချိန်တိုတွင်းမှာ စစ်အာဏာရှင်က အခုကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။
ဒါနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က "စစ်အာဏာရှင် အဆက်ဆက်မှာ တရားဥပဒေစိုးမိုးရေးဆိုတာမရှိဘူး။ ဥပဒေသက်ဝင်လှုပ်ရှားရေးဆိုတာမရှိဘူး။ နိုင်ငံရေးစိတ်စေတနာမရှိဘူး၊ ကင်းမဲ့တယ်။ အခုလက်ရှိ ကိုယ်တိုင်ခန့် သမ္မတအတုပေါ့နော်၊ တကယ်ကျတော့ တရုတ်အစိုးရရဲ့ ရုပ်သေးအစိုးရဖြစ်တယ်၊ တရုတ်အစိုးရရဲ့ ရင်ခွင်ပိုက်အစိုးရ ဖြစ်တယ်ပေါ့၊ တရုတ်အစိုးရကို ခေါင်းထိုးခံပြီးတော့မှ သစ္စာခံတဲ့ပုံစံမျိုး ရှိနေတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို လျစ်လျူရှုမှာမဟုတ်ဘူးတို့၊ ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံရဲ့ မိတ်ဆွေဟောင်းဖြစ်တယ်ပေါ့နော်၊ အဲ့ဒါက တကယ့်တကယ်ကျတော့ နှောင်းသွားပြီဗျ၊ Freedom From Fear ပေါ့ဗျာ၊ ကြောက်ရွံ့ခြင်းမှ ကင်းဝေးခြင်းဆိုတဲ့စာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်သည် ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ခဲ့တာ၊ သူတို့ရဲ့အကြောက်တရားပေါ့၊ ဘယ်လောက်တောင်မှ တုန်လှုပ်ခြောက်ခြားသလဲဆိုရင် ရုပ်ပိုင်းဆိုင်ရာကိုသာ ထောင်ချလို့ ရကောင်းရနိုင်တယ်ပေါ့နော်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တော်လှန်တဲ့စိတ်ဓာတ်ကို ထောင်သွင်းအကျဉ်းချထားလို့ မရဘူးဆိုတာက ဒေါ်အောင်ဆန်းစုကြည်က တကယ့်လက်တွေ့သက်သေခံနေတယ်” လို့ ပြောပါတယ်။
အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကျန်းမာနေကြောင်းသက်သေပြဖို့ စစ်အာဏာရှင်ကို တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုကို သူ့ရဲ့သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ဦးဆောင်ပြီး ကမ္ဘာတဝန်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ပြုလုပ်ခဲ့ပြီးနောက် ဓာတ်ပုံတပုံပါတဲ့ ကြေညာချက်ကို စစ်အာဏာရှင်က ထုတ်ပြန်ခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့လိုက်တာဟာ ဓားစာခံအဖြစ် ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားဆဲဖြစ်ပြီး ယုံကြည်နိုင်လောက်တဲ့ သက်သေပေးဖို့ ကိုထိန်းလင်းက ထပ်မံ တောင်းဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၂ ဒီဇင်ဘာလမှာ ရှေ့နေအဖွဲ့က နောက်ဆုံးတွေ့ခွင့်ရခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ် သတင်းအမှောင်ချခံထားရသလို အကျဉ်းသား ရပိုင်ခွင့်ဖြစ်တဲ့ မိသားစုနဲ့လည်း ထောင်ဝင်စာ တွေ့ခွင့်မရခဲ့ပါဘူး။










