
နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့အတွက် ဝတ်စုံတွေနဲ့ ဝန်ထမ်းတွေအတွက် ဝတ်စုံတွေ ပို့ပေးဖို့ ရန်ကုန်အိမ်ကအဖွဲ့ကို မှာထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တချို့က ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၂၂ ရက်မှာ သားငယ် ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းကို ဖုန်းဆက်စကားပြောခွင့် ရထားတာပါ။
အဲဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာရှိနေတဲ့ ပါတီဝင်အဖွဲ့တွေဆီကို သူ့အတွက် ဝတ်စုံတွေနဲ့ ဝန်ထမ်းတွေအတွက် ဝတ်စုံတွေ မှာယူခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေဆီက သတင်းထွက်ပေါ်လာပါတယ်။
ဩဂုတ် ၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က တွေ့ဆုံခွင့်ရခဲ့ပြီး အချိန် ၂ လကျော်အကြာမှာ သားဖြစ်သူက တယ်လီဖုန်းနဲ့ ဆက်သွယ်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာရှင်က နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရဖို့နဲ့ သူ့ရဲ့စီးပွားရေးလည်ပတ်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပကမ္ဘာနဲ့ မဖြစ်မနေ ပြန်ဆက်သွယ်ခွင့်ပေးပြီး ဖြေလျှော့မှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တယောက်က “အမေစုက လောလောဆယ် ရန်ကုန်အိမ်ကနေပြီးတော့မှ သူ့ဝတ်စုံတွေ လှမ်းမှာတယ်။ နောက်ပြီးတော့မှ အမျိုးသမီးဝတ်စုံ ၂၀၊ အမျိုးသားဝတ်စုံ ၂၀ လည်း ယူခဲ့ပါလို့၊ ပို့ပေးပါလို့ ပြောတယ်လို့ ကျနော်တို့ သတင်းလေး ရတယ်ပေါ့လေ။ အဲဒါကို သုံးသပ်ကြည့်ခြင်းအားဖြင့် အမေစုကို ထုတ်ကစားတော့မဲ့ အနေအထားလို့တော့ မြင်လို့ရတယ်။ သူတို့ ဘယ်ပုံစံနဲ့ ထုတ်ကစားမလဲပေါ့။ လုံးလုံးလွှတ်တာမျိုးကတော့ ဖြစ်မယ်မထင်ဘူး။ အမေစုကို သူတို့ ရှေ့မှာလုပ်ခဲ့သလိုမျိုးပေါ့။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တွေ့ပေးတာမျိုးတွေ၊ ဒါမှမဟုတ်ရင် အမေစုရဲ့ သီတင်းကျွတ်ပွဲလိုမျိုး၊ တန်ဆောင်တိုင်ပွဲလိုမျိုးမှာ အမေစုက ပုံမှန်ဆိုလို့ရှိရင် သူ့ဝန်ထမ်းလေးတွေကို အခါကြီး ရက်ကြီးတွေမှာ အဲဒီလိုလေးတွေ သူက ပေးတာ ကမ်းတာလေးတွေ ရှိခဲ့တဲ့အခါကြတော့ သူ့သဘောနဲ့သူပဲ သူလုပ်ခွင့်ရလို့ အနီးကပ် သူ့အနားမှာနေတဲ့ ဝန်ထမ်းလေးတွေကို ပေးဖို့ပဲ လုပ်သလား၊ ဒါမှမဟုတ်ရင် သူ့ကို တစိတ်တပိုင်း လွတ်မြောက်ခွင့်ပေးပြီးတော့မှ လွှတ်ပေးမလား ဆိုတာမျိုးတော့ ကျနော်တို့လည်း စောင့်ကြည့်နေရတဲ့ အနေအထားပေါ့လေ။ လှမ်းပြီးတော့ အဲဒီလို ယူခဲ့ပါလို့ တောင်းတာကတော့ သေချာတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။
ဒါနဲ့ ပတ်သက်ပြီး အတည်ပြုချက်ရယူဖို့ စစ်အာဏာရှင်တာဝန်ရှိသူတွေဘက်ကိုတော့ မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အရင်ကတည်းက စောင့်ရှောက်ပေးခဲ့သူတွေကို စစ်အာဏာရှင်က ပြန်ပို့ထားပြီး လိုအပ်တာတွေကို အဲဒီလူတွေက စီစဉ်ဆောင်ရွက်ပေးနေတာလို့ နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“အိမ်မှာ အရင်တုန်းကပုဂ္ဂိုလ်တွေ ပြန်ပို့ထားတာ ရှိတယ်။ ထောင်ထဲကနေ ဘာတွေ ဘာတွေ လိုတယ်ဆိုတာ မှာရင် အဲဒီအိမ်ကအဖွဲ့ကို သွားပြောရတယ်။ အခုလည်း အိမ်ကအဖွဲ့တွေကို လိုအပ်တာတွေကို မှာခိုင်းတဲ့သတင်းမျိုးက ပိုတိကျနိုင်တယ်။ အိမ်မှာ ၂၀၂၁-၂၂ မှာ ဖမ်းပြီး စစ်ကြောရေးကနေ ပြန်လွတ်တဲ့ သူ့နားကလူတွေ ရှိတယ်။ နိုင်ငံရေးအရတော့ လွတ်မြောက်ဖို့ လမ်းကြောင်းတော့ ရှိတယ်။ ဒါပေမဲ့ အပြောင်းအလဲနဲ့ ပတ်သက်တာကို ဘယ်လိုမျိုး ဆွေးနွေးမှာလဲ၊ ကိုင်တွယ်မှာလဲ ဆိုတာက ကမ္ဘာကရော တိုင်းပြည်ကရော စိတ်ဝင်စားကြတာ။ လက်ရှိ ဖြစ်ပျက်နေတာတွေ ပေးဆပ်ရင်းနှီးနေတာတွေက များလွန်းအားကြီးနေတော့ စနစ်တခု အပြောင်းအလဲမှာ သဘောထားတွေ ဆွေးနွေးရတာတွေ အများကြီးရှိပါတယ်။ အရင်တုန်းကလည်း ရှိခဲ့ဖူးတယ် ဒီသာဓကတွေက။ အခုလည်း ရှိနေမှာ။ ဒါပေမဲ့ ဘယ်လိုသဘောမျိုးနဲ့ သူတို့လုပ်မှာလဲ ဆိုတာကတော့ နိုင်ငံရေးအပြောင်းအလဲက ကျနော်တို့တိုင်းပြည်မှာက ပြန်ကြည့်မယ်ဆိုလို့ရှိရင် သမားရိုးကျ သီအိုရီအတိုင်း သိပ်မဖြစ်ဘူး။ ထူးထူးဆန်းဆန်းတွေ ဖြစ်တတ်တယ်။ ဒါကြောင့် လွတ်တာကတော့ ကျိန်းသေလွတ်မယ်။ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးအတွက် အပြောင်းအလဲကတော့ ဆင့်ကဲဆင့်ကဲ ဘယ်လိုဖြစ်မလဲ ဆိုတာက အတိအကျကြီး သုံးသပ်လို့ မရသေးဘူး ဖြစ်နေတာ။”
ဒေါ်အောင်ဆန်းစုကြည်အရေးနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်အစိုးရဘက်က ပျော့ပြောင်းတဲ့ သဘောထားရှိနေပြီး မကြာခင် ပြန်လွတ်မြောက်လာနိုင်တယ်လို့ စစ်တပ်ဝန်းရံသူ ဒေါက်တာအောင်မျိုးက မှတ်ချက်ပေးထားတာပါ။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲအမှု၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှု အပါအဝင် တရားမဲ့ စွဲချက်တွေနဲ့ စစ်အာဏာရှင်က ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့တာပါ။
နောက်ပိုင်းမှာ ထောင်ဒဏ် ၂၇ နှစ်အထိ လျှော့ချခဲ့ပြီး သမ္မတ ဦးဝင်းမြင့် လွတ်မြောက်ခဲ့တဲ့ ဧပြီ ၁၇ နှစ်သစ်ကူးလွတ်ငြိမ်းခွင့်မှာ ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေးခဲ့သလို ဧပြီ ၃၀ ကဆုန်လပြည့်နေ့မှာ နောက်ထပ် ပြစ်ဒဏ် ၆ ပုံ ၁ ပုံ ထပ်မံလျှော့ပေးခဲ့တဲ့အတွက် ထောင်ဒဏ် ၁၈ နှစ်နဲ့ ၉ လဝန်းကျင် ကျခံဖို့ ကျန်ရှိနေပါတယ်။
အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ကျန်းမာနေကြောင်း သက်သေပြဖို့နဲ့ ပြန်လွှတ်ပေးဖို့ သားဖြစ်သူ ကိုထိန်လင်းက ကမ္ဘာတဝန်းမှာ ကမ်ပိန်းတွေ ဆက်တိုက်ပြုလုပ် ရုန်းကန်ခဲ့ရပြီး လတ်တလောမှာလည်း နိုင်ငံတကာခေါင်းဆောင်တွေကို မေတ္တာရပ်ခံတာတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။











